စိန်ပန်းပွင့်တွေ နီစေလို (၁)
စာကြွင်း - ဝတ္ထုထဲရှိ အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသပ်သပ်သာ ဖြစ်ပါသည်။ အတတ်နိုင်ဆုံး အရင်ခေတ်နဲ့ လိုက်လျောညီထွေအောင် ဂရုပြုရေးသားခဲ့ပေမယ့် တစ်စုံတရာ ကွဲလွဲခဲ့သည်ရှိသော စာရေးသူ၏ ညံ့ဖျင်းမှုကြောင့်ပါရှင်။ ။
________________________________________
ယနေ့သည် ခရစ္စမတ်ပွဲတော်နေ့မို့ အလုပ်ရုံတိုင်း ပိတ်ကြလေ၏။ နားရက်ရသော်လည်း ချစ်ရသူအမောင်သည် အိပ်ရာထဲ၌ ခွေခေါက်မနေ။ မနက်နိုးကတည်းက ခြံထဲရှိ ပန်းပင်များအား ရေလောင်းပေါင်းသင် ပြုလုပ်နေလေသည်။
" မနက်စာအဆင်သင့်ဖြစ်ပြီ မောင် "
နံဘေးသို့ ချဉ်းကပ်သွားသောအခါ မောင်သည် လက်ထဲရှိ ရေဗုံးအား ဘေးသို့ချလိုက်၏။ ထို့နောက် ခင့်ကိုယ်လုံးလေးကို ခါးမှတစ်ဆင့် အသာအယာဆွဲဖက်လေသည်။
ယခုအနေအထား၌ ခင်တို့နှစ်ယောက်ကြား လေတိုး၍မရနိုင်ပေ။ ဆောင်းမနက်ခင်း၏ နေရောင်ခြည်ဖျော့ဖျော့အောက် မောင့်အပြုံးတွေဟာ တောက်ပနေသည်။ နဖူးတဝိုက် တွဲခိုနေကြသော ချွေးစက်လေးများအား လက်ဖမိုးဖြင့် သုတ်ပေးမိ၏။ ထိုအခါ မောင်သည် ခပ်ငြိမ်ငြိမ်သာ ခံယူလျက်၊ သို့သော် ခင့်မျက်နှာသို့ ပြေးလွှားနေသည့် မောင့်မျက်ဝန်းလေးများဟာ အငြိမ်မနေ။
" ရေချိုးပြီးမှ ဆင်းလာခဲ့နော်။ သားငယ်ကိုလည်း မောင်ပဲတစ်ခါတည်းနိုးခဲ့ "
" ဒေါ်ခင်မူယာအမိန့်အတိုင်းပါပဲ "
" ဖက်ထားတာလွှတ်တော့လေ "
" နမ်းဦးမလားလို့ကို "
" နမ်းချင်တာကို ဘာလို့စကားပလ္လင်ခံနေရသေးတာလဲကွယ်။ ခင်က မောင့်အပိုင် .. မောင့်တစ်ဦးတည်းရဲ့ အပိုင်ပဲကို "
ဦးစွာအနေဖြင့် ပါးပြင်သို့ထိတွေ့လာသော အနမ်းနုနု။ လိပ်ပြာကလေးများ ပျံ့သန်းပြေးထွက်သွားသလိုမျိုး ခင့်ရင်ထဲတလှပ်လှပ်ရယ်။ ဖန်တစ်ရာထပ်အောင် ခံယူဖူးသော်လည်း မြတ်နိုးရမြဲပင်။
မောင်သာပေးမယ်ဆို အကြင်နာဖြစ်ဖြစ်၊ နာကျင်စရာဖြစ်ဖြစ်ပါလေ .. ခင်က မက်မောပြီးသားပါ မောင်ရယ်။
YOU ARE READING
စိန်ပန်းပွင့်တွေ နီစေလို
Romance" အမောင် " ဝတ္ထုရဲ့ အခွဲလေးပါ။ အဲဒါကြောင့်မို့ ဒါလေးမဖတ်ခင် အမောင်ကို အရင်ဦးစွာ ဖတ်စေချင်ပါတယ်။