စိန်ပန်းပွင့်တွေ နီစေလို(၃)
အလုပ်ကြိုးစားသူသည် အိပ်ရာထဲရောက်နေသော်လည်း စာရင်းစာအုပ်ကို လက်ထဲမှမချသေးပေ။ သားငယ်လေးကို ချော့သိပ်ပြီးပြီမို့ လူကြီးလေး မောင့်ကို အိပ်ရန်ပြောရဦးမည်။ ဒါဟာလည်း ခင့်ရဲ့ တစ်နေ့တာလုပ်ငန်းစဉ်လေး တစ်ခုလိုပင်။
" အိပ်တော့လေ မောင်ရယ် "
" အင်း ဒါနဲ့လေ သားငယ်လေးရဲ့ နွေရာသီကျောင်းပိတ်ရက်ကျရင် ခရီးတစ်ခုထွက်ကြရအောင် "
" မောင့်သဘောလေ "
" မောင်ကအကြံပြုရုံပဲ၊ တကယ်က ဒေါ်ခင်မူယာသဘော။ ဘယ်ကိုသွားချင်လဲဆိုတာ ရွေးလေ "
ထိုသို့ပြောလာသောအခါ ခင် တွေဝေမနေပါပဲ သာဓညရွာဟု ထုတ်ပြောလိုက်မိသည်။ ရွာငယ်လေးကို ခင် သိပ်လွမ်းသလို၊ ထိုရွာငယ်လေးထဲရှိ အမှတ်တရတွေကိုလည်း ခင် တမ်းတပါ၏။
" ဒါဆို အိမ်ကလူကြီးတွေကို စာပို့ပြီး အကြောင်းကြားထားလိုက်မယ် "
" ဟုတ်ပြီ မောင် "
နွေဟာ နွေနှင့်တူစွာ ပူ၏။ သို့ပေတည်း ထိုနွေကို ကျုပ်မြတ်နိုးပါသည်။ နွေမှာ စိန်ပန်းတွေပွင့်လန်းသလို၊ ထိုနွေဟာ ကျုပ်တို့နှစ်ဦးကို ဆုံတွေ့စေခဲ့တဲ့ ပေါင်းကူးတံတားလေး။ အချစ်ဆိုတာကို နွေမှာရှာတွေ့ခဲ့သည်။
အချိန်အားဖြင့် မနက်ဆယ်နာရီ ငါးမိနစ်။
ဘူတာသို့ ရထားလေးဆိုက်ရောက်သည်နှင့် ဈေးသည်များ၏ အော်ဟစ်သံမှာ ပိုမိုကျယ်လောင်လို့လာသည်။ မည်မျှပင် ပူလောင်နေပါစေ ဘဝရဲ့လုပ်သားများဟာ ဇွဲလျော့သွားခြင်း မရှိပေ။" ဒေါ်ခင်မူယာ "
" ရှင် "
" ကျုပ်ရင်တွေအရမ်းခုန်နေတယ် "
" နေမကောင်းလို့လား မောင် "
" ဟုတ်တယ် နေမကောင်းဘူး။ အချစ်ဆိပ်တက်နေတာ၊ အချစ်ဖျားပေါ့ "
ထိုစကားအဆုံး မျက်စောင်းလှလှလေး တစ်ချက်အား လက်သင့်ခံလိုက်ရ၏။ နွေဟာ နွေပီသသလို၊ ဒေါ်ခင်မူယာဟာလည်း ဒေါ်ခင်မူယာပီသပါပေသည်။
YOU ARE READING
စိန်ပန်းပွင့်တွေ နီစေလို
Lãng mạn" အမောင် " ဝတ္ထုရဲ့ အခွဲလေးပါ။ အဲဒါကြောင့်မို့ ဒါလေးမဖတ်ခင် အမောင်ကို အရင်ဦးစွာ ဖတ်စေချင်ပါတယ်။