စိန်ပန်းပွင့်တွေ နီစေလို (၅)။ ။
ချစ်ကြောင်းလေးတော့ သိစေချင်မိသား။ ။
" ပြောတော့ အနားယူချင်လို့လာတာဆိုကွယ် "
မမခင်ရဲ့ စကားကိုကြားလေတော့ လက်ထဲရှိ ဆေးစာအုပ်အထူကြီးကို ဘေးခဏချထားလိုက်ရ၏။ ထို့နောက် မျက်မှန်ကိုပါ တစ်ပါတည်းချွတ်ကာ စာအုပ်ပေါ်၌ တင်ထားလိုက်လေသည်။
" လက်ဖက်သုပ်စားဦးမလား အငြိမ်း "
" ခဏနေပဲ အိပ်တော့မှာမို့ တော်ပါပြီ မမခင် "
" ဟုတ်ပြီ ဒါဆိုလည်း နားတော့။ တစ်ခုခုလိုရင် လာပြောလှည့် "
" ဟုတ်ကဲ့ပါရှင် "
မမခင်လို့ လူတစ်ယောက်နဲ့ သိကျွမ်းခွင့်ရတာဟာ ဘုရားပေးသော ဆုလာဒ်တစ်ခုပါပဲ။ အစ်ကိုဖြစ်သူက စိတ်ဒဏ်ရာတွေ ပေးထားခဲ့တာတောင် အငြိမ်းကို ယခုအချိန်အထိ ချစ်ပေး၊ခင်ပေး၊ ဂရုစိုက်ပေးနေတုန်း။ ဘယ်လောက်တောင်များ စိတ်ဓာတ်ပြည့်ဝလိုက်ပါလိမ့် မမခင်ရယ်။
မိန်းမချင်းတူတာတောင် မမခင်ကို လီလီတစ်ယောက် ဘာလို့ချစ်မိသွားလဲဆိုတဲ့ မေးခွန်းအတွက် အဖြေဟာမဆန်းကြယ်တော့ပေ။ မမခင်က ရင့်ကျက်တည်ငြိမ်သလို သဘောလည်းကောင်းသည်။ ဘာသာတရား ကိုင်းရှိုင်းတဲ့အပြင် မေတ္တာဓာတ်လည်း ကြီးမားလွန်း၏။ ရုပ်ရည်ရူပကာ လှပခြင်းက အပေါ်ယံဆိုရင်တောင် မမခင်ဟာ ထိုအပေါ်ယံ လှပခြင်းတွင်လည်း တုနှိုင်းမဲ့သည်။
" ဒါဆို အိမ်ထဲဝင်ကြမယ်လေ "
" မမခင်ပဲ အရင်ဝင်နှင့်လိုက်ပါ။ အငြိမ်း ခဏလောက် လမ်းလျှောက်ချင်သေးလို့ "
" ကဲ ဒါဆိုလည်းသွားနှင့်ပါပြီရှင် "
ညလေညှင်းသည် ခပ်ဖြေးဖြေး၊ ခပ်အေးအေးရယ်။ တစ်ခြမ်းတည်းသာသော လမင်းနှင့် ရေနံဆီမီးအိမ်မှ အလင်းရောင်ကြောင့် ခြံဝင်းလေးထဲ သိပ်တော့လည်း ပိတ်မှောင်းမနေပေ။ စံပယ်ရုံမှ ပန်းရနံ့သင်းသင်းလေးကြောင့် စိတ်ကလေးလည်း ကြည်လင်လို့နေသည်။ အညောင်းပြေ လမ်းလျှောက်ဖို့ရာ အကောင်းဆုံး အချိန်တစ်ခုပင်။
YOU ARE READING
စိန်ပန်းပွင့်တွေ နီစေလို
Romance" အမောင် " ဝတ္ထုရဲ့ အခွဲလေးပါ။ အဲဒါကြောင့်မို့ ဒါလေးမဖတ်ခင် အမောင်ကို အရင်ဦးစွာ ဖတ်စေချင်ပါတယ်။