စိန်ပန်းပွင့်တွေ နီစေလို ..
ခရစ္စမတ်ည ရှစ်နာရီဝန်းကျင်။
ကန်တော်ကြီးမှာ ခရစ္စမတ်ဈေးပွဲတော်ရှိသည်မို့ နှိုင်းမရလေးအား လိုက်ပို့ဖြစ်၏။ ကျုပ်အတွက် မထူးဆန်းသော ပွဲတော်ဖြစ်ပေမယ့် ဒေါ်ခင်မူယာနှင့် သားငယ်အတွက်ကတော့ဖြင့် ပထမဆုံးအကြိမ်နှင့် အထူးဆန်းဆုံး ကိစ္စရပ်ပင်။
" လူရှုပ်နေတယ်၊ မောင့်လက်ကို သေချာတွဲထားမလား။ မောင်ကပဲ ဒေါ်ခင်မူယာလက်ကို တွဲထားပေးရမလား "
" မောင့်လက်ကိုပဲ ခင် တွဲပါ့မယ် "
မောင်ဟာ ဘယ်သောအခါမှ ခင့်လက်ကို မဖြုတ်ပါ။ ထာဝရဆိုတာ မရေရာလည်း မိုက်မိုက်ကန်းကန်း ရူးသွပ်ပစ်ချင်ပါသည်။ ခင့်လက်ကို မလွှတ်လိုက်ပါနဲ့ ခင့်မောင်ရယ်။
ပွဲဈေးတန်းထဲရှိ အလှပဆုံး ပုံရိပ်ကလေး။ ယှက်နွယ်ထားလျက်ရှိသော လက်တွေရယ်၊ ဆုံစည်းနေကြသော အကြည့်လေးတွေရယ်။
" သားငယ်ကို မောင်ချီပေးမယ် "
" မောင် ပင်ပန်းလာရင်တော့ ခင့်ကိုပြောနော် "
" ဒေါ်ခင်မူယာတို့ သားအမိအတွက်ဆို မောင်က အမြဲသန်မာပြီးသားပါ။ မောင့်ကိုယုံ၊ မောင့်ကိုပဲ အားကိုး "
မောင့်ကိုယုံ၊ မောင့်ကိုပဲ အားကိုး။
မောင့်နှုတ်ဖျားက ထွက်ကျလာသမျှ စကားလုံးတိုင်းဟာ ကျောက်စာပေါ် ရေးထွင်းထားသလိုမျိုး သမိုင်းတစ်ပုဒ်ပါ။ စစ်မှန်သောတရားဆိုတာကို မောင့်စကားတွေထဲ ခင် ရှာတွေ့ခဲ့ရတာပါ မောင်ရယ်။
မိန်းမတစ်ဦးက အခြားမိန်းမတစ်ဦးအပေါ် မှီခိုရတာဟာ အများအမြင်မှာ လှောင်စရာဖြစ်လေမလား။ သို့ပေမဲ့လည်း ခင် မရှက်နိုင်တော့ဘူး မောင်ရယ်။ ကျယ်ပြောလှသော မောင့်ပခုံးပေါ် မှီထားရတဲ့ အခိုက်အတန့်တွေက ဘုရားဟောတဲ့ နိဗ္ဗာန်ထင်ပါရဲ့။
မောင့်လက်ကိုတွဲလို့ မောင့်နံဘေးကနေ ကပ်လျှောက်ပါ့မယ်။ ခင် မမြင်ဖူးသော သံသရာလှလှလေးအထိ ဆွဲခေါ်သွားပေးစမ်းပါ မောင်။ စိန်ပန်းပွင့်လေး တစ်ပွင့်ကို နားကြားညှပ်လို့ ကတ္တီပါတစ်ရံနဲ့အတူ ခပ်ရဲရဲလိုက်ခဲ့ပါ့မယ်။
YOU ARE READING
စိန်ပန်းပွင့်တွေ နီစေလို
Romance" အမောင် " ဝတ္ထုရဲ့ အခွဲလေးပါ။ အဲဒါကြောင့်မို့ ဒါလေးမဖတ်ခင် အမောင်ကို အရင်ဦးစွာ ဖတ်စေချင်ပါတယ်။
