စိန်ပန်းပွင့်တွေ နီစေလို (၄)
ဝါကျင့်ကျင့်တိမ်စိုင်တို့ဖြင့် တန်ဆာဆင်ထားသော ကောင်းကင်ပန်းချီကားအား စိတ်လိုလက်ရ မော့ငေးမိလေသည်။ ထိုစဉ် အတောင်ပံဖြန့်ကာ အလှပဆုံး ကပြနေသည့် စာငှက်လေးများရဲ့ ဖျော်ဖြေမှုကိုလည်း တစ်ပါတည်း ကြည့်ခွင့်ရလိုက်၏။ အင်မတန်လှပသော ပေါင်းစပ်မှုတစ်ခုဟု ကောက်ချက်ချရပေလိမ့်မည်။
" ခင် အဆင်သင့်ဖြစ်ပြီ မောင် "
အနောက်ဘက်မှ ခေါ်သံလေးကြောင့် ကျုပ်အမြင်အာရုံတို့အား နေရာပြောင်းလိုက်ရလေသည်။
" ဒေါ်ခင်မူယာ "
ဖန်တရာတေအောင် မြင်ဖူးနေပါသော်လည်း မရိုးသွားသော ဖြစ်တည်မှုလေး။ အကြိမ်ကြိမ်ငေးမောချင်မိသည့် သက်ရှိအလှတရားလေး။ လှလွန်းပါတယ်ဆိုသော တိမ်စိုင်တွေတောင် ငိုလေရောပေါ့ ဒေါ်ခင်မူယာရယ်။ ဘယ်ပန်းချီရေးမမှီသော အနုပညာလေးတစ်ခု၊ ဒါဟာ ကျုပ်ရဲ့အပိုင်။
" ခင့်မျက်နှာမှာ တစ်ခုခုပေနေလို့လား မောင်။ မှန်ကြည့်တုန်းကတော့ ဘာမှမမြင်မိပါဘူး "
" မပေပါဘူး၊ ဒီအတိုင်း လှလွန်းလို့ငေးနေမိတာ "
" အိုကွယ် အပိုတွေ "
ရှက်သွေးဖြာတိုင်း ဖြစ်သွားတတ်သည့် ဒေါ်ခင်မူယာရဲ့ ပါးပြင်နီနီ၊ နားရွက်ဖျားနီနီ။ စိန်ပန်းပွင့်လေးများလို အမြဲတမ်း နီစွေးစေချင်ပါဘိ။
" လာပါ ချစ်တီးဆီသွားရအောင် "
" ဟင် ဘာလို့တုန်း "
" ပိုနေတယ် မဟုတ်လား ဒေါ်ခင်မူယာ၊ သွားရောင်းစားကြမယ်လေ "
" မောင်နော် "
" မောင်နော်က ဘယ်သူတုန်း ဒေါ်ခင်မူယာ "
" တိတ်တိတ်ပုန်းယူထားတာလေ၊ ကဲ .. ပြောပါဦး မိတ်ဆက်ပေးစေချင်လား "
" ဒေါ်ခင်မူယာတို့များ မပြောရဲတာကို မရှိဘူးနော်။ ညကျမှ မောင့်အကြောင်းသိအောင် အပြစ်ကြီးကြီး ပေးဦးမယ် "
" ကျီစယ်တာပါ မောင်ရယ်။ လာပါ သွားရအောင် "
အပြစ်ပေးမည်ဟုလည်းဆိုရော ချက်ချင်းကို စကားလမ်းကြောင်းလွှဲပြစ်၏။ ဒေါ်ခင်မူယာကို လျော့တွက်ထားလို့တော့ မဖြစ်ပေ။
YOU ARE READING
စိန်ပန်းပွင့်တွေ နီစေလို
Romance" အမောင် " ဝတ္ထုရဲ့ အခွဲလေးပါ။ အဲဒါကြောင့်မို့ ဒါလေးမဖတ်ခင် အမောင်ကို အရင်ဦးစွာ ဖတ်စေချင်ပါတယ်။