နူးညံ့သောလေပြေညှင်းနှင့်အတူ သစ်ရွက်စိမ်းတို့က တဖျပ်ဖျပ်လှုပ်ခတ်နေသည်။ သူ့မျက်နှာထက် တိုးဝင်လာသည့် လေညှင်းများကို မျက်လုံးမှိတ်ကာခံယူရင်း လေပြေကိုတစ်ဝကြီးရှူသွင်းလိုက်သည်။
နူးညံ့ပျော့ပျောင်းသော လေပြေများသည် သူ၏ဆံနွယ်ရှည်များကိုဆော့ကစားသွားလေသည်။
ခဲသားရောင်နက်မှောင်နေသော ကောင်းကင်နောက်ခံတွင် စိန်ပန်းပွင့်အဆုပ်အခဲများရဲနေသည်။ စိန်ပန်းကိုင်းများမှ ထ၍ထ၍ ပျံသွားကြသော ဗျိုင်းဖြူတစ်အုပ်ကြောင့် ခဲသားရောင်နောက်ခွတွင် ဖွေးလွလွ လက်လက်ထနေသည်။
ဝါကျင့်ကျင့်သစ်သားခင်းများဖြင့်ပြုလုပ်ထားသော သားသတ်စင်ပေါ်သို့ သူမာန်ပါပါတက်လှမ်းလိုက်သည်။ စင်အောက်ရှိ လူအများသည် သူ့အားလူထူးလူဆန်းတစ်ယောက်နှယ် စိုက်ကြည့်နေကြဆဲ..။
ပုံမှန်ဆိုလျှင် အရောင်ရင့်များကိုသာ ဝတ်ဆင်တတ်သည့်သူသည် ယခုမူ အပြာနုရောင်ဝတ်စုံလေးဖြင့် ယဉ်ယဉ်လေးနှင့် ထူးကဲစွာလှနေသေးသည်။ တစ်ဝက်စည်းထားသည့် ဆံနွယ်၌ စည်းနှောင်ထားသော အဖြူရောင်ခေါင်းစည်းကြိုးအပိုင်းအစလေးသည် လေထဲ၌ တလွင့်လွင့်..။
တစ်ညလုံးနီးပါး ခရီးနှင်လာပြီးနောက် မနက်မိုးသောက်၌ ဝမ်တိုင်းပြည်နှင့်လွိတိုင်းပြည်၏နယ်စပ်ကို သူရောက်လာခဲ့သည်။
ညိုမှောင်သောရာသီဥတု၏အောက်၌ သူသည် စင်မြင့်ထက်၌ မာန်ပါပါရပ်နေသလောက် စင်အောက်ရှိလူများသည် သူ့အားတီးတိုးကဲ့ရဲ့စကားများဆိုနေသည်။
ဖျင်အင်္ကျီအစုတ်များဖြင့် ပြည်သူများသည် ယောကျာ်း၊မိန်းမ၊ ကလေး၊ လူကြီးမရွေး လွိတိုင်းပြည်၏မင်းသမီးအားလုပ်ကြံသူ သူ့အားလာရောက်ကြည့်ရှုကြသည်။
သူသည် မျက်နှာကိုမလျှော့စတမ်းတင်းမာထားရင်းက အကုန်လုံးအား တစ်ချက်ဝေ့ဝိုက်ကြည့်သည်။ အတင်းပြောနေသူများ ငြိမ်ကျသွားသကဲ့သို့ သူနှင့်မျက်နှာချင်းမဆိုင်ရဲသောသူများသည် ချက်ချင်းပင် ခေါင်းကိုအောက်ငုံ့သွားကြသည်။
သူသည် လက်သီးကိုကျစ်နေအောင်ဆုပ်ရင်း မျက်လုံးကိုအသာမှိတ်လို့ လေကိုတစ်ဝကြီးရှူသွင်းလိုက်သည်။ ညိုမည်းနေသည့် ရာသီဥတုကြောင့် ပတ်ဝန်းကျင်သည် အေးစက်နေသောငြား သူ့ရင်အတွင်း၌ ပူလောင်နေသည်။
YOU ARE READING
𝕽ᥱgrᥱ𝗍 (Complete)
Fanfictionနောင်တတဲ့..။နောင်မှ တရတာအရှင်.. နောင်တတဲ့..။နောင်မှ တရတာအရှင်.. Starting date-30.4.2023 Ending date- 29.5.2023