ဘုံကျောင်းဆီမှ ချူသံတချွင်ချွင်က အိမ်တော်ကနေတောင်ကြားနေရသည်။ ဆည်းလည်းသံလိုလို၊ ချူသံလိုလိုတချွင်ချွင်အသံက နားထဲမှာသာယာနာပျော်ဖွယ်ရှိပေမယ့် ပြောင်းလဲလာမည့်ကံကြမ္မာကိုစဉ်းစားမိတိုင်း သက်ပြင်းကိုမကြာခဏချနေမိသည်။
တစ်ပွင့်စနှစ်ပွင့်စ ပွင့်လန်းနေသည့် အဆောင်အပြင်ဘက်လမ်းမှ မက်မွန်ပန်းများကိုငေးကြည့်ရင်း ဖြစ်ပေါ်လာမည့် ပြဿနာဂယက်များကိုတွေးမိရင်း ရင်ပူလာရသည်။
ပုံမှန်ဆိုလျှင် သူကခပ်အေးအေးနေရတာကိုသဘောကျပြီး ပြဿနာတွေကိုရှောင်ကွင်းရတာကိုသာနှစ်သက်သော်လည်း အခုတစ်ခေါက်မှ ပြဿနာမရှာလျှင် ချစ်ရသူနှင့် တစ်သက်တာကွေကွင်းရတော့ပေမည်။
"သခင်လေးမှာ တစ်ခုခုပူပန်စရာရှိလို့လား"
သူ၏ဆံနွယ်ရှည်များကို ဆင်စွယ်ဖြင့်ပြုလုပ်ထားသောဘီးဖြင့် သပ်ရပ်စွာဖြီးသင်ပေးနေသော စူးစူးက မကြာခဏသက်ပြင်းချနေသောသူ၏အမူအယာကို သတိထားမိဟန်တူ၏။ သူလည်းခေါင်းကိုအသာညိတ်ရင်း မှုန်ဝါးဝါးကြေးမှုံမှန်၌ မြင်နေရသော သူ၏မျက်နှာအား စိုက်ကြည့်သည်။ သူဟာအတော်လေးတော့ ချောမောရဲ့။
"ဒီနေ့အိမ်ရှေ့စံမင်းသားဝမ်ရဲ့ ဖူးစာရွေးချယ်ပွဲရှိတယ်လေ၊ ငါစိတ်မပူဘဲဘယ်နေပါ့မလဲ"
သူ့အဖြေကိုဘေး၌ အဝတ်ခေါက်နေသည့်ချူးချူးက သဘောမကျပုံရပေမယ့် မည်သည်မျှတော့ဝင်ပြောခြင်းမပြုပေ။ ထိုအစား နှစ်သိမ့်စကားသာဆို၏။
"မယ်တော်ရုပ်တုကရွေးချယ်ပေးမယ့် မိန်းကလေးဟာ ဒီအတိုင်း အိမ်ရှေ့စံမင်းသားနဲ့ဖူးစာပါလို့နေမှာပေါ့၊ သခင်လေးအများကြီးမတွေးပါနဲ့"
"ငါက ငါချစ်တဲ့လူကိုပိုင်ဆိုင်ချင်ရုံပါ"
မပြုံးမရယ်မျက်နှာထားဖြင့် ရှောင်းသခင်လေးကို ကောင်မလေးနှစ်ယောက်က ထိတ်တလန့်ကြည့်လိုက်မိကြသည်။ ကြက်သွေးရောင်ဝတ်ရုံကိုအောက်ခံ၍ အနက်ရောင်တောက်နေသည့် အပေါ်ဝတ်ရုံအားဆင်မြန်းထားသည့် သူမတို့၏သခင်လေးသည် လှသွေးတော့ကြွယ်ပါရဲ့။
YOU ARE READING
𝕽ᥱgrᥱ𝗍 (Complete)
Fanficနောင်တတဲ့..။နောင်မှ တရတာအရှင်.. နောင်တတဲ့..။နောင်မှ တရတာအရှင်.. Starting date-30.4.2023 Ending date- 29.5.2023