အပိုင်း ၉၁ side story : စာမျက်နှာတစ်ဆယ့်ကိုး

341 34 4
                                    

❄️❄️❄️

စာအုပ်တိုက်ထဲတွင် လူရှင်းနေ၏။ သည်စာတိုက်တွင်က သီတင်းပတ်ရက်များ၏ညနေပိုင်းထက် စနေတနင်္ဂနွေအားလပ်ရက် မနက်ခင်းပိုင်းတွင် လူစည်တတ်သည်။

အယ်လ်ခွန်း ထိုအဆောက်အဦးထဲသို့ ဝင်လာခဲ့သည်။
သူနေသည့်တိုက်ခန်းလေးနှင့် အနီးဆုံးစာအုပ်တိုက်ဖြစ်၍ လွန်ခဲ့သည့်နှစ်များတစ်လျှောက် အားလပ်ပါက ဒီနေရာကို လာလေ့ရှိသည်။ နေရာကျယ်သည့်အပြင်၊ သန့်ရှင်းသပ်ရပ်ပြီး စာအုပ်စင်များကိုလည်း သူ့အမျိုးအစားနှင့်သူ စနစ်တကျခွဲခြားထားသောကြောင့် စာအုပ်ရွေးရတာ လွယ်ကူသက်သာပြီး စိတ်တိုင်းကျရ၏။ ယနေ့အတွက်တော့ စာအုပ်ဝယ်ရန်စီစဉ်မထား၊ ရှာဝယ်ချင်သောစာအုပ် သတ်မှတ်မထားမိဘဲ ဘာရယ်မဟုတ် အိမ်ထဲနေရတာငြီးစီစီရှိလှ၍ လမ်းလျှောက်ထွက်လာခဲ့ခြင်းသာ။

အယ်လ်ခွန်းသည် သူဝတ်ထားသော turtle neck ဆွယ်တာအဖြူ၏ အထက်ပိုင်းအနားစွန်းများကို အသာဆွဲတင်လိုက်၏။
ထုတ်မပြောဖြစ်သော်ငြား လည်ပင်းတွင် ပတ်တီးစများ ခပ်ပါးပါးရစ်ပတ်နေခြင်းက သိသိသာသာနေရခက်သည်။ သူ့လုပ်ရပ်သူနောင်တရသလား စဉ်းစားမိလျှင်လည်း သေချာပေါက် ခေါင်းယမ်းမည်ပင်။ တစ်ခါတည်းလှီးဖြတ်လိုက်ရခြင်းက အကြိမ်ကြိမ်အခါခါ အမွှန်းခံနေရသောဝေဒနာထက် အပုံကြီးခံရသက်သာသည်။

သည်တစ်ခေါက်တကယ်ပဲ အားလုံးပြတ်တောက်သွားလျှင်‌ ကောင်းမည်ဟု ထင်ခဲ့၏။ ဖြတ်တောက်ဖို့လည်းလုပ်ခဲ့၏။
ပြတ်တောက်သွားသောအရာတွေလည်း ရှိကောင်းရှိနိုင်ပါသည်။
တမလွန်ကအနူးမြင်လျှင်တော့ ဘယ်လိုပြောမလဲမသိ၊
၇နှစ်ကြာတောင့်ခံပြီးမှ ဒီလိုပုံစံပြန်ဖြစ်လာခြင်းကိုတော့ သူ့ကိုယ်သူစိတ်ပျက်မိသည်။

ဘာပဲပြောပြော အဓိကအချက်က သူမသေသေး။
သူနဖူးတောက်နေကျ ခွေးကလေးကို ကျေးဇူးတင်ရမည်။

မနှစ်ဒီဇင်ဘာကတည်းက သူကလမ်းပြနေရသူလား... သူ့ကိုလမ်းပြပေးနေသူလား... နှစ်ခုစလုံးပဲလားမသဲကွဲသည့် အဲသည်ကောင်လေး၏ဇွဲက သူ့အသက်ရှင်လိုစိတ်ထက် အမြဲတမ်းအလေးသာနေခဲ့သည်။ အားလုံး ကိုယ်တန်ဖိုးထားရာအတွက် တိုက်ခိုက်နေကြ၏။ ထွက်ပြေးနေခဲ့သူက သူတစ်ယောက်တည်းပါပင်။

Heartless December ❄️Where stories live. Discover now