❄️❄️❄️
ကိုကို့မျက်နက်ဝန်းတွေက တိုးထွက်လာတဲ့အကြည့်တွေဟာ စာမျက်နှာပေါ်မှာကပ်နေတဲ့ ခဲပန်းချီပန်းပုံကလေးမှာသာ ဆုံလို့။ သုံးလေးစက္ကန့်နေမှ သတိရသွားပြီး ခန္ဓာကိုယ်ကို ကိုကို့ဘက်ယိမ်းလို့ ကိုယ့်စာအုပ်ထဲကပုံကိုယ် ငုံ့ကြည့်လိုက်ရင်း အဖြေပေးမိတယ်။
"ဪ... အင်း အဲ့ဒါက အင်တာနက်ပေါ်ကတွေ့တဲ့ပုံလေး ကျွန်တော်သဘောကျတာနဲ့ ကူးဆွဲကြည့်တာ..."
"လှတယ်..."
"..."
ကျွန်တော်ကြည့်နေတုန်းမှာပဲ နို့နှစ်ရောင်လိုဖြူဖွေးနေတဲ့ လက်ချောင်းသွယ်ကလေးတွေဟာ စာရွက်သားပေါ်က ပန်းချီပုံလေးဆီကို ရောက်ရှိသွားကြရင်း ခပ်ဖွဖွတို့ထိပွတ်သပ်နေကြရဲ့။
ကိုကို့မျက်လုံးတွေထဲမှာတော့ ငြိမ်ဆိမ်ဖျော့တော့တဲ့ အရိပ်ကလေးတစ်ခု။"မင်းဆွဲထားတာက အဲ့ဒီနှင်းပန်းပွင့်လေးတွေနဲ့ တကယ်တူတယ်..."
ဂိုက်လာတက်နေကတည်းက ကိုကိုက ကျွန်တော့်ရဲ့ပုံတူဆွဲစကေးကိုတော့ အပြစ်တစ်ခါမှမဆိုဖူးဘဲ 'မိတ္တူနှိပ်လို့တောင်ရတယ်၊ လှတယ်၊ သပ်ရပ်တယ်' လို့ ချီးကျူးနေကျဆိုပေမယ့် ဒီတစ်ခါချီးကျူးပုံက တမူထူးခြားနေသလို ခံစားမိတယ်။ ကျွန်တော်ဆွဲလာတဲ့ပုံထဲမှာ တစ်ခုခုကို မြင်နေသလိုမျိုး။
"ကိုကို..."
"အင်း..."
"ကိုကို့ကို မေးမလို့..."
"ပြော..."
"ကိုကိုက ဘယ်နှင်းပန်းကိုအကြိုက်ဆုံးလဲ...
ဟိုဟာ... လီလီတွေကို နှင်းပန်းဆိုပြီးလည်း ခေါ်လေ့ရှိတာပဲလေ... ပြီးတော့ ဒီလိုနှင်းပန်းတွေလည်း ရှိတာပဲဆိုတော့..."ပြောရင်းနဲ့ စာမျက်နှာတစ်ဖက်ကိုလှန်လိုက်ပြီး ကျောချင်းကပ်ပွင့်နေတဲ့ လီလီပန်းပင်ပုံတစ်ပုံကို ထောက်လိုက်၊ နောက်တစ်ရွက်ထပ်လှန်ပြီး အဆုပ်လိုက်ပွင့်နေတဲ့ အလျားရှည်ရှည်နှင်းပန်းခက်တစ်ခက်တစ်ပုံကို ထိုးပြလိုက်နဲ့ စိတ်ကူးပေါက်ပြီးထဆွဲထားတာတွေကို လျှောက်ပြလိုက်တော့ ကိုကိုက ခဏအကဲခတ်လိုက်ပြီး ဒီလိုပြန်ပြောတယ်။
أنت تقرأ
Heartless December ❄️
عاطفيةနှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ အလွဲများနဲ့တစ်နှစ်တာကို ဆောင်းရာသီမြင်ကွင်းတွေကြားထဲ 4k resolution နဲ့ ချောင်းကြည့်နိုင်ပါလိ...