အပိုင်း-၇
ပါးလှပ်နေသော မွှေ့ယာတစ်ထပ်ပဲခင်းထားသည့် ကုတင်ပေါ်သို့ သူပြစ်လှဲချလိုက်သည်။တကယ့်ကို စိတ်ရှုပ်ထွေးစရာကောင်းတဲ့ အခိုက်အတန့်တွေပဲ။အခုသူ့မှာ အိမ်ရှာဖို့အလုပ်တစ်ခုကတိုးလာပြီ။တစ်လလောက်ဆိုတဲ့ ရက်တွေအတွင်းမှာ သူ့အားလပ်ရက် သုံးလေးရက်အပြင် မပို!ဒီကြားထဲ ဟိုဟိုဒီဒီကိစ္စတွေက ရှိသေးသည်။
တီ...တီ....
မြည်ဟည်းလာတဲ့ဖုန်းသံကြောင့် သူဆတ်ကနဲတုန်သွားသည်။တိတ်ဆိတ်နေတဲ့အခန်းထဲမှာတစ်ယောက်ထဲဆိုတော့ အတွေးထဲမြောပြီး ဖုန်းသံတောင်လန့်နေမိသည်။
ဖုန်းနံပါတ်ကတော့ သူ့နဲ့စိမ်းသက်နေတဲ့ဆီကမဟုတ်ပေ။သက်ပြင်းသဲ့သဲ့ချမိသည်။တာဝန်ဆိုတာမျိုးက ကိုယ်ယူချင်ချင်မချင်ချင် ထမ်းဖို့က အရင်ဦးဆုံး သတ်မှတ်ထားကြပြီးသားပင်။
"ဟယ်လို....."
"မနက်ဖြန် ဆို ကျွန်တော်အလုပ်ထဲရောက်နေမှာ အဆင်မပြေလောက်ဘူး "
"ဟုတ်ကဲ့.... အလုပ်ဆင်းတာနဲ့ တန်းလာပါ့မယ် "
ဖန်တရာထပ်နေတဲ့စကားလုံးတွေကိုပြောပြီးမှ ဖုန်းကို ချလိုက်သည်။သူမပင်ပန်းဘူးလို့ပြောရင် လိမ်ရာကျမှာပေါ့။ဒါပေမဲ့ ခက်တာက အဲ့ဒီပင်ပန်းမှုတွေနဲ့ လူကောစိတ်ပါ အသားကျနေခဲ့တယ်ဆိုတာပါပဲ.......
မွေးလာထဲက အဆင်မပြေမှုဆိုတာ သူနဲ့ ဒွန်တွဲလာခဲ့တာ။သူအမြင့်ကို မတက်ချင်ပါဘူး။ပုံမှန်တိုင်းလေးပဲ!သာမာန်လေးပဲနေချင်ခဲ့တာ။ဒါပေမဲ့လည်း ရောင့်ရဲတင်းတိမ်တယ်ဆိုတိုင်းလည်း လိုချင်တာတွေကလက်ထဲကိုရောက်လာတာမှမဟုတ်ပဲ။ဘယ်လောက်ထိကြိုးစားနေပါစေ ရပ်နေတဲ့နေရာကနေ တစ်လက်မလေးတောင်မရွေ့နိုင်သေးပါဘူး။
ပျော်စရာတွေမရှိပေမဲ့လည်း ဝမ်းလည်းမနည်းနေတော့ပါဘူး။လောကကြီးက ဖြစ်စေချင်တဲ့အတိုင်းပေါ့!♥♥♥♥♥♥♥♥
လုပ်လက်စအလုပ်တွေ အကုန်လုံးကို သူအမြန်လက်စသတ်ပြီး သိမ်းဆည်းလိုက်သည်။တော်ရုံခွင့်မယူတတ်သူက ဒီနေ့တော့ နေ့တစ်ဝက်ခွင့်ယူထားရသည်။ သူ့အတွက်တော့ အသဲအသန် လုပ်ရမဲ့ အလုပ်မျိုးလည်းမရှိသလို မပြီးမစီးနိုင်ဖြစ်နေသောအလုပ်မျိူးလည်း မရှိပေ။ထို့ကြောင့် Leader ဆီမှာ နေ့တစ်ဝက်ခွင့်ယူပြီး သွားစရာရှိတဲ့နေရာကိုသွားရမည်။