ဒုံဟျော့အခု ဟယ်ချန်းရဲ့စတူဒီယိုကိုရောက်နေတာဖြစ်သည်။
ဟယ်ချန်းအကြံပေးသည့်အတိုင်း ကိုယ့်အာရုံကိုမာ့ခ်တစ်ယောက်တည်းအပေါ်မှာမထားမိအောင် ဟိုဟိုဒီဒီလျှောက်လုပ်ကြည့်ရင်း ဒီနေ့တော့ဟယ်ချန်းကသူ့ကို သူ့ကိုယ်ပိုင်စတူဒီယိုထဲကိုခေါ်လာတာဖြစ်သည်။နံရံမှာချိတ်ထားတဲ့ပန်းချီကားတွေကို ဒုံဟျော့သဘောတကျလိုက်ကြည့်နေမိသည်။
နေကြာပန်းခင်းပုံရှေ့ကိုရောက်တော့ အညှို့ခံလိုက်ရသလိုမျိုး သူ့ခြေလှမ်းတွေကြွမရတော့။“ ငါ့ကို ဒီပန်းချီကားရောင်းပေးပါလား ”
“ သဘောကျရင်ယူသွားလေ ရတယ် ”
“ ဖြစ်ရဲ့လား မင်းအပင်ပန်းခံပြီးဆွဲထားတာကို ”
“ ယူသွားစမ်းပါ။ စိတ်ထဲအဆင်မပြေရင် ငါမင်းကိုလာဘ်ထိုးတယ်လို့ပဲတွေးလိုက် ”
ပြုံးပြုံးရယ်ရယ်နဲ့ပေးလာတဲ့ဟယ်ချန်းကြောင့် ဒုံဟျော့ယူလိုက်ရပေမယ့် အားနာရသည်။
“ မင်းလူပုံမဆွဲဘူးလား ”
“ လူပုံ? ပုံတူကိုပြောတာလား ”
“ အင်း အင်း ”
“ ပုံတူကတစ်နှစ်ကို ဂျဲနိုပုံတစ်ပုံပဲဆွဲဖြစ်တာ ငါကလူပုံတွေဆွဲရတာမကြိုက်လို့လေ ”
ဟယ်ချန်းစကားကိုဒုံဟျော့အာခနဲသာတုန့်ပြန်လိုက်ရသည်။
“ မင်းဆွဲလက်စကဘာပုံလဲ ”
“ ဂျဲနိုပုံလေ လာမယ့်၂၆ရက်နေ့ကသူ့မွေးနေ့မို့လို့ ”
“ အာ လှသားပဲ ”
“ ပုံကြမ်းပဲရှိသေးတာ အရောင်ဖြည့်ရဦးမယ် ငါတို့ဂျဲနိုကလူချောလေးဆိုတော့ ပုံတူပန်းချီကိုရုပ်ဆိုးအောင်ဆွဲရင် စိတ်ကောက်လိမ့်မယ် ”
ပြုံးရောင်သန်းနေတဲ့ဟယ်ချန်းရဲ့နှုတ်ခမ်းကိုကြည့်ပြီး ဂျဲနိုဆိုတဲ့လူက ဟယ်ချန်းအတွက်ဘယ်လောက်ထိအရေးကြီးတဲ့သူလဲဆိုတာကို ဒုံဟျော့သဘောပေါက်မိသွားသည်။
ကြည့်ရတာ ဂျဲနိုဆိုတဲ့လူကလည်း ဟယ်ချန်းကိုအတော်လေးချစ်ပုံပေါ်ပါသည်။
ဟိုတစ်ခါဆုံတုန်းက မီးနဲ့လာရှို့တော့မတတ်စိုက်ကြည့်ခံခဲ့ရတာကို မှတ်မိသေးသည်။