သခင်လေးသည်မေမေပြန်သွားသည့်နှင့် အနောက်ဘက်ကိုလှည့်ကြည့်လိုက်ချိန်တွင် ယိုယွင်းပြိုလဲနေသော ကိုယ်ငယ်လေးကို မြင်လိုက်ရသည်။ တစ်ခုခုကိုဆိုးဆိုးဝါးဝါးခံစားနေရသလိုပင်...။
"အဆင်ပြေရဲ့လားကလေးလေး"
ကိုကိုပြေးလာနေသော ပုံရိပ်တွေသည်ဝေဝါးနေသည်။ နှစ်ထပ်..သုံးထပ်..ဝေဝါးခြင်းတွေများစွာနဲ့ အသက်ရှုတွေကြပ်လာသည်။ ရင်ဘတ်တွင်တစ်ခုခုက ဆွဲဆုပ်ထားသော ခံစားချက်မျိုးခံစားနေရသည် ။ မောဟိုက်ခြင်းတွေနဲ့အတူ ချွေးတွေပါထွက်လာသည်။
°°ဟန်ယူဂျင်း..စိတ်ကိုအေးအေးထားပါ...အသက်ကိုပုံမှန်ရှူပါ°°
စိတ်ထဲကအသံသည် ခါတိုင်းထက်ပင် ကျယ်နေသည်ဟုခံစားနေရသည်။ ပါးပြင်ထက်ကဒဏ်ရာရဲ့နာကျင်မှုကိုလည်း မခံစားရတော့ပါ။ သတိလစ်ချင်နေသော ကိုယ်ငယ်လေးသည် ကိုကို၏သယ်ပွေ့ခြင်းကို ခံလိုက်ရပြီးနောက် ဖြစ်ပျက်သွားသောအရာများကို သတိမရတော့ပါ..။
မူးမေ့လဲသွားသောအဆိုးလေးကြောင့် ဒေါက်တာပတ်ခ်သည် StarGardenသို့ အလျင်အမြန်လာခဲ့ရတော့သည်။
"ဆေးစစ်ချက်ကဘယ်လိုလဲဒေါက်တာပတ်ခ်"
"ဪ...အဲ့ဒါက....ထွေထွေထူးထူးမရှိပါဘူး"
ဒေါက်တာပတ်ခ်၏မျက်နှာတွင် တစ်ခုခုကိုစဥ်းစားဟန်ပြုပြီး ပြောသင့်မပြောသင့်တွေးတောနေသည့်ပုံစံသည် အထင်းသားဖြစ်နေသည်။
"ထွေထွေထူးထူးမရှိရင် ခဏခဏမူးလဲနေတဲ့အကြောင်းအရင်းကိုရှင်းပါအုံး"
"ဒီတိုင်းအားနည်းလို့ဖြစ်ရတာပါ"
"သေချာရဲ့လား"
ထိုစကားလေးတစ်ခွန်းတွင် သခင်လေး၏ အမိန့်တွေအာဏာတွေ ရက်စက်မှုမျက်ဝန်းတွေ သည်ရောယှက်နေသည်။
"သေ..သေချာပါတယ်သခင်လေး"
"ကောင်းပြီ...လိုအပ်တာတွေလုပ်ပြီးရင် ပြန်လိုက်တော့...တစ်ခုခုဖြစ်လို့ကတော့ ခွင့်လွှတ်ခံရမယ်မထင်နဲ့"
ကြိမ်းသေပေါက်တစ်ခုခုရှိနေမှန်း သခင်လေးကရိပ်မိနေသော်လည်း ဘယ်ကနေဘယ်လိုစပြီး ကိုင်တွယ်ရမှန်းမသိတဲ့အခါ လဲလျောင်းနေသောကလေးလေးရဲ့ လက်ကိုကိုင်ထားရင်း သက်ပြင်းတွေကိုခိုးချမိသည်။