"ဒါနဲ့ ကောင်းစက်။ ငါမင်းကို တောင်းဆိုချင်တာ တစ်ခုရှိသေးတယ်။"
စားလို့သောက်လို့ ပြီးခါနီးမှ ကိုဗညားဘက်ကနေ စပြီးစကားပြောလာခြင်းဖြစ်သည်။ ထိုသို့ဆိုမှပဲ ကောင်းစက်သည်လည်း သူ့ညီမကိုခိုးခိုးကြည့်နေရင်းမှရပ်တတန့်ပြီး....။
" ပြောလေ။ ကျွန်တော်ဘာလုပ်ပေးရမလဲ။""ငါတို့စုစုကို အိုးဝေမဂ္ဂဇင်းမှာနေရာတစ်ခုလောက်ရှာပေးဖို့ ကူညီစမ်းပါကွာ။ စုစုလို မှန်ကြောင်ကတခြားအသင်းအဖွဲ့တွေလည်း ဝင်ဖြစ်မှာမဟုတ်ပါဘူး။ "
"ညီမလေးက အဲ့လိုမဟုတ်ပါဘူးဗျ....။"
ညီမလေးကို မကောင်းပြောလျှင် ကောင်းစက်၏အသွေးအသားတွေက အထိခိုက်မခံနိုင်လောက်အောင် ဖြစ်နေတော့သည်။ ချက်ချင်းကိုပဲ တစ်ဖက်တည်း ချေပနေတော့တာဖြစ်သည်။"မင်းကလည်း.....ငါက သူ့အကိုအရင်းပါဟ။
ငါ့ညီမအကြောင်း ငါအသိဆုံး။"ဒီစကားကိုတော့ ကောင်းစက်မျက်နှာပျက်မသွားရအောင် မနည်းထိန်းထားရသည်။ မဏ္ဍပ်တိုင်တက်ပြနေသော ကိုဗညားကို ညီမလေးနဲ့လက်ထပ်ကြပြီးနောက်မှ တဖန် ပြန်ပြီးချေမိုးပစ်ဖို့ကို တွေးမိသည်။
အဲ့ဒီအခါကျမှ....."ကျွန်တော့်မိန်းမ...."ဆိုပြီး မဏ္ဍပ်တိုင်တက်ပြလိုက်ဦးမည်။
"ဟေ့ကောင် ငါပြောတာကြားရဲ့လား။"
"ဟမ်....ဘာပြောလိုက်တာလဲ။ ဆောရီးဗျာ။"
"စုစုကို ဘုန်းမြတ်ကျော်နဲ့တွေ့ပေးလိုက်လို့။ အဲ့တာမှ စုစုလည်း အသိုင်းအဝိုင်းတစ်ခုခုမှာ ကျင်လည်ဖို့ ကြိုးစားမှာ။ မဟုတ်ရင် စာအုပ်ဖတ်တာနဲ့ပဲအချိန်ကုန်နေလိမ့်မယ်။"
ကိုဗညား၏စကားသည် ပထမတစ်ခွန်းကလွဲလို့ ကျန်သည်များကမှန်ကန်သည်။ ကိုဗညားပြောသည့်အတိုင်းပဲ ညီမလေးက စာအုပ်တွေဖတ်လွန်းအားကြီးသည်။ ဒါကိုတော့ ကောင်းစက်လည်းစိတ်ပူသည်။
"အခုတစ်ခေါက်တောင် ပါဝါကထပ်တက်သေးတယ်။"
"စုစုလား....။"
"ဟုတ်တယ်လေ။ အိမ်ကိုမပြောပြဘူးလား။"
မျက်မှန်ပါဝါတိုးသည့်အကြောင်းကို အိမ်ကိုပြောမပြတော့သည့် ညီမလေးက ကောင်းစက်တို့နှစ်ယောက်ဆီက အကြည့်တွေကို မအီမလည်အပြုံးလေးများဖြင့် တုန့်ပြန်ပြီး စားလက်စဖြစ်သော ထမင်းလုပ်ကိုမဝါးဖြစ်သေးပဲရှိနေသည်။
YOU ARE READING
အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)
Poetryနေကြာတွေက သစ္စာရှိတယ်။ နေမင်းကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူတယ်လေ။ အဲ့လိုပဲ နေကြာတွေလိုပဲ ညီမကလည်း အကိုကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူမှာ။ ဘယ်တော့မှ ကျောခိုင်းမသွားဘူး။ အကိုကြီိးအတွက် စုစုက အဝါရောင်နေကြာတွေလို တည်ရှိမှုမျိုးနဲ့ ရှင်သန်နေမှာလေ။