အပိုင်း (၂၄)

3.7K 165 8
                                    

သို့ဖြင့် ကောင်းစက်လည်း အဆောင်ကိုပဲ ပြန်ခဲ့လိုက်သည်။ ဒီလိုထွက်လာခဲ့ရင်းမှပဲ တွေးကြည့်လိုက်တော့ ညရောက်လျှင် လွမ်းလာလို့ သွားတွေ့ချင်လျှင်တောင်မှပဲ ညီမလေးက အဆောင်မှာရှိမနေတော့ပေ။

စိတ်ထဲ ဗလာကျင်းနေပြီး အဆောင်ထဲကိုဝင်ခဲ့ဖြစ်သည်။

"ကိုကောင်းစက်။ ခင်ဗျားဆိုင်ကယ်ကို ဟိုဘက်မှာရပ်...."

"ဘာဖြစ်လို့လဲ.....။"

"ဒီမှာလေ။ ကျွန်တော်တို့ခြင်းခတ်ကြမို့....."

ဒီကောင်ပြောမှပဲ ပတ်ဝန်းကျင်ကို အကဲခတ်ဖြစ်သွားသည်။ အဆောင်ရှေ့က ကွက်လပ်တွင်၊ပြောရလျှင် ကောင်းစက်ဆိုင်ကယ်ရပ်ထားသည့် နေရာပတ်ပတ်လည်မှ မြေပြင်ကို ရေဖြန်းထားကြသည်။

ညနေဘက် ခြင်းခတ်ဖို့အတွက်ကို ဒီကောင်တွေတော့ တော်တော်လေးစိတ်အားထက်သန်ပုံရသည်။

အရင်နေ့တွေက ဒီကောင်တွေခြင်းခတ်နေသည်ကိုပဲ မမြင်နိုင်လောက်အောင်အထိ ဟိုဟိုဒီဒီနဲ့ကောင်းစက်မှာအလုပ်တွေရှုပ်နေခဲ့တာဖြစ်သည်။ အခုညနေတော့ ညီမလေးလည်း အိမ်ပြန်သွားတာမို့ ကောင်းစက်ကိုယ်တိုင်လည်း ခြင်းဝိုင်းမှာ ဝင်ပါဖို့အတွက် စိတ်ကူးထားသည်။

"မင်းကို လာရှာနေတယ်.....။"

စွပ်ကျယ်တစ်ထည်နှင့် ဘောလုံးဘောင်းဘီကို လဲဖြစ်ပြီး အခန်းထဲကနေပြန်ထွက်လာသည်မှာ ပြောလာသည့်စကားကြောင့် အဆောင်ရှေ့ကို ထွက်ကြည့်ဖြစ်တော့ မဘုန်းမြတ်ကိုမြင်လိုက်ရသည်။

"ဘာကိစ္စရှိလို့လဲ မဘုန်းမြတ်။"

"ပြောစရာလေးရှိလို့။ တစ်ဆိုင်ဆိုင်သွားရအောင်..."

ယောကျာ်းလေးအဆောင်မို့ အဆောင်ထဲဝင်ပြီးပြောဖို့ကလည်း မကောင်းပေ။ ထို့ကြောင့်ပဲ မဘုန်းမြတ်ပြောသည့်အတိုင်း အပြင်ထွက်ဖို့ရန်အတွက် အပေါ်ထပ်လက်ရှည်တစ်ထည်ကို ကြိုးတန်းမှဆွဲယူပြီး ထပ်ဝတ်ခဲ့လိုက်ရသည်။

ရာသီဥတုပူအိုက်သော်လည်း တစ်ဖက်ကမိန်းကလေးမို့ အဆောင်နေရင်းပုံစံနှင့်စကားထိုင်ပြောကြမို့က မလေးစားရာရောက်သည်။ လက်ရှည်အင်္ကျီကိုထပ်ဝတ်ပြီး ကိုယ့်ဆိုင်ကယ်နှင့်ကိုယ်ပဲ မဘုန်းမြတ်ဆိုင်ကယ်နောက်ကနေ လိုက်စီးလာဖြစ်သည်။

အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)Where stories live. Discover now