Chapter One

535 13 1
                                    

Unicode

မတ်လ (၆) ရက်၊ ၁၉၆၇။

လူးဝစ် အန်တိုနီယို အောတဲကာ
အသက် (၄၆) နှစ်။
ဆင်းရဲခြင်းကြီးသော ဤခန္ဓာကိုယ်မှ စွန့်ခွာခြင်းသည်လည်း ကောင်းမွန်သော အဆုံးသတ်တစ်ခုဖြစ်၏။


"ကျွန်တော်တို့ရဲ့ မိတ်ဆွေကြီး လူးဝစ်က ကျွန်တော်တို့ရပ်ကွက်ရဲ့ အရေးပါတဲ့ လူကြီးတစ်ယောက်ဆိုလည်း မမှားပါဘူး။ လူထုကောင်းကျိုးအတွက်လည်း အများကြီးပံ့ပိုးပေးခဲ့ပါတယ်။ ခုလို ပြည်တွင်းစစ်ကြောင့် ဆင်းရဲဒုက္ခရောက်ခဲ့ရတဲ့ ဆယ်စုနှစ် နှစ်ခုတိုင်တိုင် သူ့ဆီကနေ ကျွန်တော်တို့ အတိုးမဲ့ ရယူခဲ့တဲ့ အကူအညီတွေ လက်ချိုးရေတွက်လို့တောင် မရပါဘူး။ "

အငြိမ်းစားရှေ့နေကြီးက စကားအရှည်ကြီး ရေရွတ်လိုက်ရ၍ မောပန်းသွားသည်ထင်။ သူ၏ ရင်ဘတ်အိတ်ကပ်မှ လက်ကိုင်ပဝါကို ထုတ်ကာ မျက်နှာပေါ်မှ ချွေးများကို သုတ်သည်။ ယင်းနောက် ချောင်းတစ်ချက်ဟန့်ကာ အသုဘအခမ်းအနားရှိ ပရိသတ်တို့၏ မျက်နှာရိပ်မျက်နှာကဲကို ဖတ်ရှုလေသည်။ ၎င်းသည် စိတ်ကျေနပ်မှုရမှသာ သူ၏ စကားကို ဆက်လေသည်။

"ခုတော့ ဒီလူဟာ ကျွန်တော်တို့ကို ထားခဲ့ပြီး စွန့်ခွာခဲ့ပါပြီ။ နံနက်ခင်းတိုင်း ကော်ဖီခါးခါးတစ်ခွက်ကို အေးစက်တဲ့အထိ ဇိမ်ပြေနပြေသောက်ပြီး ပေါင်မုန့်တစ်ချပ်ကို ထောပတ်ယိုသုတ်စားတတ်တဲ့ ဒီလူနဲ့အတူတူ သတင်းစာထဲက အကြောင်းအရာတွေ ဆွေးနွေးငြင်းခုံခွင့်မရှိတော့ပါဘူး။ နေ့လယ်ခင်းတိုင်း မြင်းပွဲနဲ့ ပိုလိုပွဲကို ကျွန်တော်နဲ့အတူတူ လိုက်ကြည့်ပေးမယ့်အဖော်လည်း ပျောက်ကွယ်လို့သွားပါပြီ။ ညနေခင်းတိုင်း ဂရန်ဗီရာ လမ်းမထက်မှာ လျှောက်လည်တတ်တဲ့ခင်ပွန်းနဲ့ဖခင်ဟာလည်း သူ့ရဲ့မိသားစုကို နှုတ်ဆက်လို့သွားခဲ့ပါပြီ။ ဒီလူ ထမ်းဆောင်ခဲ့တဲ့ တာဝန်တွေကို ထောက်ရှုခြင်းအားဖြင့် ကျွန်တော်တို့တွေ ဒီလူရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အလဟဿမဖြစ်စေဘဲ အတူတူ စုပေါင်းဝိုင်းဝန်းကြရအောင်။ အရှင့်ရဲ့အရိပ်အောက်မှာ ဝင်ရောက်ခိုနားသွားသော လူးဝစ်တစ်ယောက် ပျော်ပျော်ရွှင်ရွှင် ရှိနိုင်ပါစေသား..။"

A Woman On 'Gran Vía'Where stories live. Discover now