Chapter Two

147 7 3
                                    

Unicode

ဂရန်ဗီယာ လမ်းမကြီး..

လွန်ခဲ့သည့် သုံးနှစ်က ဤလမ်းမကြီးပေါ်၌ ပက်ထရစ်နှင့် ပခုံးချင်းတိုက်မိခဲ့ပြီး နှစ်ဦးသားအချင်းများကြရင်း စတင်တွေ့ဆုံခဲ့မိသည်။

ထိုစဉ်က အန်တိုနီယာသည် သမီးအရွယ်မိန်းမတစ်ဦးကို စံအိမ်ပေါ် ခေါ်တင်လာသည့် ဖေဖေ့ကို အရွဲ့တိုက်ကာ မြို့တွင်းနှင့်ဝေးသည့် တိုက်ခန်းတစ်ခုတွင် သီးသန့်နေခဲ့ချိန်ပင်။ တစ်နေ့ ရုပ်ရှင်ရုံသို့သွားရန် နှစ်ထပ်ဘတ်စ်ကားကို စောင့်နေစဉ်ဝယ် တစ်ဖက်က လမ်းဖြတ်ကူးလာသော ပက်ထရစ်နှင့် တိုက်မိခဲ့သည်။

"တောင်းပန်ပါတယ်ဗျာ" ဟူသော မပီသသည့် စပိန်စကားသံတိုးတိုးကို အန်တိုနီယာ ကရုဏာမပြုမိပါ။ သူ၏ကော်ဖီတစ်ခွက်က မိမိ၏ ကုတ်ကို စိုရွှဲသွားစေခဲ့ပြီလေ။ တောင်းပန်ခြင်းကို လက်မခံဘဲ ရန်တွေ့မိသော် တစ်ဖက်က မိကောင်းဖခင်သားသမီးလည်း စိတ်တိုလာသည့်ဟန်။ မိမိတင်မဟုတ်ဘဲ သူသည်လည်း ထုတ်ပိုးတင်ပြရမည့် စာမူများပြန့်ကျဲသွားသည့်အပြင် အချို့က ကော်ဖီ‌စို၍ စာလုံးပါ လွင့်သွားကြောင်း၊ နံဘေး၌မရပ်နေဘဲ လူသွားလမ်းလယ်၌ ဟိုလည်လည်ဒီလည်လည် လုပ်နေသည့် မိမိအမှားလည်း မသေးကြောင်းပြန်ကာပြောတော့သည်။ အချို့လူများ လာရောက်ဖြန်ဖြေသည့်အခါမှသာ နှစ်ဦးသား ပြေလည်မှုရခဲ့သည်။

သို့သော် ထိုပြေလည်မှုက သံယောဇဉ်ကြိုးတို့ကိုပါ တွယ်မိစေနိုင်ကြောင်း ယင်းအချိန်က အန်တိုနီယာမသိခဲ့ပါလေ။

သူ၏စာအုပ်ဆိုင်ရှေ့မှ ဘတ်စ်ရပ်စောင့်တတ်သည့် မိမိကို နယူးယောက်မြို့သားက ဆိုင်ခေါ်သွင်းကာ ပစ္စည်းအထူးအဆန်းများပြ၍ အချိန်ဖြုန်းစေသည်။ ပဲရစ်မြို့၏ဘူတာရုံမှ ဝယ်ယူခဲ့သည့် သံပတ်ကြွက်ရုပ်လေးများ၊ ခွေးသွားစိတ်သေးသေးလေးများဖြင့် ဒီဇိုင်းထွင်ထားသည့် အိတ်ဆောင်နာရီ၊ သူ၏မိတ်ဆွေ ပင်လယ်ဓားပြတစ်ဦးထံမှ လက်ဆောင်ရရှိခဲ့သည့် ဓားမြှောင်နှင့် သံလိုက်အိမ်မြောင်၊ အရှေ့တိုင်းမှ တန်ဖိုးကြီးသည့် စန္ဒကူးသားဖြင့် ထွင်းထုထားသည့် သေတ္တာငယ်နှင့် တရုတ်ပြည်မှ ရရှိခဲ့သည့် ရေနွေးကရားတို့က အန်တိုနီယာ၏ စိတ်ဝင်စားမှု အခံရဆုံးသော ပစ္စည်းများပင် ဖြစ်ချေသည်။

A Woman On 'Gran Vía'Where stories live. Discover now