Chapter Three

113 7 3
                                    

Unicode

လန်ဒန်ရာသီဥတုဟု ဆိုလျှင် ရာသီဥတုက လွန်စွာ ဆိုးရွားသည့်အခါ တင်စားပြောသည့် စကားလုံးဟု လူတိုင်းလိုလို နားလည်ကြသည်။

မက်ဒရစ်ရာသီဥတုကိုရော ကြားဖူးကြရဲ့လား။ ညက မိုးတစ်ပြိုက်နှစ်ပြိုက်ရွာကျသည်။ ခုနံနက် မြူတွေဆိုင်းနေသည်။ နေ့လယ်ခင်း၌ ကောင်းကင်ပြာက ကြည်လင်ရှင်းသန့်ပြီး နေထိန်ထိန်လင်းလို့လက်လို့။ ဟော.. မာရီယာနှင့် ပိုလိုကွင်းသွားရန် ချိန်းဆိုထားသည့် ဤညနေကျ မိုးပြန်ရွာချသည်။

ဟူး..

မှုတ်ထုတ်လိုက်သည့် လေပူများထဲတွင် စိုးရိမ်ကြောင့်ကြမှုအလုံးစုံ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားလျှင်ကောင်းလိမ့်မည်။

အိမ်ကြီးထဲ၌လည်း အန်တိုနီယာအတွက် စကားပြောဖော်မရှိပါ။ အစ်ကိုက သတင်းစာတိုက်၌ အလုပ်ရှုပ်နေသကဲ့သို့ အစ်မသည်လည်း သူမတို့ရုံးမှ ဂျာနယ်လစ်တစ်ဖွဲ့နှင့် ပူးပေါင်းကာ တောင်အမေရိကသို့ ယမန်နေ့ကပင် ထွက်ခွာသွားခဲ့သည်။

"အစ်မက အစ်မတို့ရဲ့ အငယ်ဆုံးလေးကို အမြဲအဖော်ပြုပေးမှာ သိရဲ့လား။ အငယ်လေးနဲ့ ဝေးဝေးမှာ အစ်မ မနေနိုင်ပါဘူးကွယ်..။"

ဟု ကတိပေးခဲ့သည့် လူစီယာကို လွန်စွာ စိတ်ဆိုးလှပါ၏။ မေမေလေးက ဖေဖေ့၏အကြွေးပေါင်းများစွာကို တစ်ဦးတည်း ဖြေရှင်းခဲ့သည်ဟု သိလိုက်ရချိန်ဝယ် လူစီယာ၏မျက်နှာရိပ်မျက်နှာကဲက မူမမှန်တော့ပါ။ ရှက်ရွံ့အားနာမှုများကြောင့် မျက်နှာတစ်ပြင်လုံး နီရဲလျက်။ ဘယ်ကတည်းကရှာလိုက်မှန်းမသိသည့် အလုပ်တစ်ခုနှင့် ဝေးရာသို့ပြေးထွက်ကာ မျက်နှာပူ‌ဖွယ် ပတ်ဝန်းကျင်မှ ရှောင်တိမ်းသွား၏။ ယခုတော့ စံအိမ်၌ အန်တိုနီယာတစ်ဦးတည်း။

မေမေလေး..
သူမကတော့ စာဖတ်ခန်းထဲမှကို ထွက်မလာပါ။ နံနက်စာနှင့် နေ့လယ်စာကိုပင် အိမ်တော်ထိန်းက အခန်းထဲထိပို့ပေးရသည်။ သူပြောသည်ကတော့ စာရင်းဇယားများစွာကို စစ်ဆေးကြည့်ရှုနေသည်ဟုပင်။

အန်တိုနီယာလည်း သွားမတွေ့ပါ။ ဟိုတစ်ညက အတွေးများကြောင့် သူမကို မျက်နှာချင်းဆိုင်ရန် ခက်ခဲလှပါ၏။

A Woman On 'Gran Vía'Where stories live. Discover now