အခန်းရဲ့လိုက်ကာစတွေအထိ ဖြတ်ပြီး ဝင်လာတဲ့ နေရောင်ခြည်နုနုကြောင့် ဟန်ဘင်းက မျက်လုံးတွေကို မဖွင့်ချင်ဘဲ ဖွင့်လိုက်ရတယ်။ မျက်လုံးဖွင့်ဖွင့်ချင်း သူ့မြင်ကွင်းထဲကို ဝင်လာတာက ရွှေရောင်ဆံပင်တွေနဲ့ သူ့ရဲ့ အသက်ဓာတ်ကလေး။ အနီရဲရဲ pajamaဝမ်းဆက်ကလေးနဲ့ မက်သရူးက ဟန်ဘင်းဘက်ကို လှည့်ကာအိပ်မောကျနေတယ်။ ရွှေရောင်ဆံပင်တွေက မကျည်းမကျယ်နှဖူးပြင်ကလေးပေါ်မှာ ခပ်ရှုပ်ရှုပ်။ မျက်တောင်တိုစိတ်စိတ်ကလေးတွေဝန်းရံထားတဲ့ မျက်အိတ်ဖောင်းဖောင်းကလေးအောက်မှာ မျက်ဆံကြည်ကြည်ကလေးတွေ ရှိနေလိမ့်မယ်။ မျက်လုံးထောင့်က မှဲ့နက်ကလေးက ဟန်ဘင်းရင်ခုန်သံတွေရဲ့ မြစ်ဖျားခံရာကလေး။ ဟန်ဘင်းကြောင့် ပေါက်နေခဲ့တဲ့နှုတ်ခမ်းကလေး ခပ်ဟဟနဲ့ သူ့အမျိုးသားလေး အိပ်မောကျနေတာများ နှစ်နှစ်ခြိုက်ခြိုက်။
ဟန်ဘင်းက အိပ်ယာဘေး စားပွဲပေါ်က နာရီကို လှမ်းကြည့်တော့ မနက်ရှစ်နာရီ။ အင်း...စောသေးတာပဲ..။
ဟန်ဘင်းက သူကိုယ်တိုင် မထသေးဘဲ မက်သရူးကိုယ်လေးကို သူ့ရင်ခွင်ထဲဆွဲသွင်းကာ တင်းနေအောင်ဖက်တယ်။ နောက်တော့ ခရမ်းရောင်အကွက်တချို့ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေတဲ့ မက်သရူးရဲ့လည်ပင်းလေးထဲကို မျက်နှာအပ်ကာ ကိုယ်သင်းနံ့ကလေးကို ခပ်ပြင်းပြင်း ရှုရှိုက်မိတယ်။ အတူရှိနေရရင်တောင် သူ့ကိုတီတီတာတာလေးတွေ မပြောနိုင်ဘဲ အခုလိုမက်သရူး အိပ်ပျော်နေပြီဆို ဟန်ဘင်းမှာ လွမ်းသလိုခံစားနေရတာက သူ့ရင်ခွင်ထဲက လူသားပေါက်စလေးကို ဟန်ဘင်းက သိပ်ချစ်မိသွားလို့ ဖြစ်မယ်။
"အင်း..ကို..ကို့"
အတွေးနဲ့ ဟန်ဘင်းက မက်သရူးကို ပိုပြီးဖျစ်ညစ်မိတဲ့အခါ ထွက်လာသံ ဟန်ဘင်းရင်ခွင်ထဲက မက်သရူးရဲ့ အသံက ခပ်အစ်အစ်။
"နည်းနည်း လွှတ်ပေးဦးကိုကို"
မက်သရူးက သူ့လက်ကလေးတွေနဲ့ ဟန်ဘင်းရဲ့ ရင်ဘတ်ကို တွန်းရင်း ခန္ဓာကိုယ်လေးကိုပါ လူးလွန့်လို့ ရုန်းတယ်။ ဒါပေမယ့် ဟန်ဘင်းက လွှတ်မပေးဘဲ ဖက်တွယ်ထားတဲ့ လက်တွေကို ပိုပြီးတင်းကြပ်ပစ်လိုက်တဲ့အခါ မလွတ်မြောက်နိုင်ဘဲ ခန္ဓာကိုယ်နှစ်ခုက ပိုလို့နီးကပ်သွားတယ်။
YOU ARE READING
10 REASONS TO LOVE YOU
Fanfictionအဲ့ဒီ့ကောင်ငယ်လေးကို ချစ်ရတဲ့ အကြောင်းပြချက်က 10ခုတိတိ... Part II of 10 Things I Hate About You