အပိုင်း ၃

433 15 0
                                    

" မေမေ.. သမီးကို ခေါ်တယ်ဆို.."

ဒေါ်ခင်ခင်သစ် သမီးဖြစ်သူကို ကြည့်ကာ သဘောကျနေမိသည် ။
၂၉နှစ် ဆိုသော အရွယ်နှင့် တင့်တယ်လိုက်ဖက်စွာ သမီးလေးက လှလှပပ ကြီးပြင်းလာခဲ့သည်ပဲ။

မိဘတွေ စိတ်ပူစေရမယ့် အရာမျိုး မလုပ်ခဲ့ဖူးသလို မိဘတွေဘက်ကလည်း ဘာကိုမှ အတင်းအကြပ် ခိုင်းစေခဲ့တာမျိုး မရှိခဲ့ပါ။
ဘွဲ့ရပညာတတ် အိမ်အလုပ်လုပ်ဟူသည့်အတိုင်း သမီးလေးက အိမ်၌ပင် ဖခင်ဖြစ်သူ နှင့်အတူ အိမ်စီးပွားရေးကို ကူညီနေသည် ။

သားဖြစ်သူကတော့ တက္ကသိုလ်ကို အဝေးသင်သာယူ၍ ရွာအ​ပြင်ဘက်တွင် ဆန်စက် တည်ပေးထားရသည်။ ထိုမှ တစ်ဆင့် မြို့နှင့် အလှမ်းဝေးသော ရွာတွေဘက်သို့ ကိုယ်ပိုင် ထော်လာဂျီဖြင့်ပင် ဆန်လိုက်ဝယ်ကာ မြို့သို့ တင်ပို့ခြင်းပါ ပြုလုပ်လေသည် ။

ဒေါ်ခင်ခင်သစ် အတွေးတို့အား ဖြတ်ကာ

" အေး သမီး...
မေမေ မေးချင်တာလေး ရှိလို့... သမီးမှာ သဘောကျရတဲ့သူများ ရှိနေပြီလား.."

နှောင်း တစ်ယောက် လန့်သွားပြီး မျက်လုံးကလေးဝိုင်းလျှက်

" မေမေက ဘာလို့ မေးတာလဲဟင် "

" အင်း.... သမီးအသက်လည်းမငယ်တော့ဘူး ဆိုတော့ မိဘတို့ ဝတ္တရားအရ စီစဥ်ပေးချင်လို့ပေါ့ကွယ် "

နှောင်း တစ်ယောက် ကြောင်တောင်တောင်ဖြစ်သွားရကာ

" မိဘ ဝတ္တရားအရ..........
မိဘ ဝတ္တရား အရဆိုတော့ မေမေတို့ ဘယ်လို စီစဥ်ပေးချင်နေလို့လဲ "

ဒေါ်ခင်ခင်သစ် လည်း သူမတို့ သူငယ်ချင်းနှစ်ယောက်၏ မဟာ အကြံအစည်တော်ကြီးကို သမီးအား ပြောပြလိုက်လေသည် ။

" အဲဒါ သမီးနဲ့ ဟန်သာလေးကို နေရာချထားပေးချင်လို့ကွယ်... သမီး သဘောထားကို သိချင်လို့ပါ "

"ဟို"

နှောင်း ဘာပြန်ပြောရမည် မသိသဖြင့် တွေဝေနေစဥ် မေမေက

" အတင်းလက်ခံခိုင်းနေတာ မဟုတ်ပါဘူးကွယ်
သမီးမှာ သဘောကျရတဲ့သူများ မရှိရင် စဥ်းစားပေးစေချင်တာပါ...
မေမေတို့ ဘယ်တုန်းကများ ဖိအားပေးတာ ရှိခဲ့သလဲ သမီးရယ် "

ချစ်ခြင်းထပ်တူညီWhere stories live. Discover now