Unicode
လုချီမင်က မုတ်ဆိတ်တို့ ရိတ်သင်ထားသဖြင့် စိမ်းမြမြဖြစ်နေသည့် သူ၏ မေးစေ့ကို ပွတ်လိုက်သည်။ သူက အမြဲတမ်း စီးကရက်၊ မီးခြစ်နှင့် ဘလိတ်ဓား ထိုပစ္စည်းသုံးခုကို သူနှင့်အတူ သယ်သွားတတ်သည်။
"ငါ ပြန်လာတုန်းက ခေါင်မိုးပေါ်မှာ ဆိုလာပြားတွေ တပ်ထားတဲ့ အိမ်တစ်လုံးကို မြင်လိုက်တယ်။ အဲဒီအိမ်မှာ ဆိုလာပါဝါစနစ် တပ်ဆင်ထားတာ ဖြစ်လိမ့်မယ်။"
ကျန်းမြောင်မြောင်က နှစ်ကြိမ် ချောင်းဟန့်လိုက်သည်။ "အဲဒီတော့ ဘာဖြစ်လဲ။ အခုထိ ငါ့လက်ထဲမှာ ဆိုလာအားသွင်းဘတ်ထရီ ရှိနေတုန်းပဲ။ ဒါပေမယ့် အများကြီး အသုံးမဝင်ဘူး။"
"အဲဒါက မင်းရဲ့ အားသွင်းဘတ်ထရီနဲ့ အဆင့်ချင်းမတူဘူး။ အဲဒီဆိုလာပြားတွေ တပ်ထားတဲ့ နေရာနဲ့ အကျယ်အဝန်းကို ကြည့်ရင် တစ်အိမ်လုံးကို လျှပ်စစ်ပေးဖို့ဆိုတာ ပြဿနာမဖြစ်နိုင်ဘူး။"
သူမမျက်လုံးများက လင်းလက်သွားပြီး ထရပ်ကာ လုချီမင်ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
"တကယ်လား။"
လုချီမင်က ခေါင်းညိတ်လိုက်သော်လည်း သူ့အမူအရာက သိပ်ပြီး လန်းဆန်းပေါ့ပါးခြင်း မရှိပေ။
"ဒါပေမယ့် အဲဒီအိမ်က ဒီနေရာနဲ့ ဝေးတယ်။ အိမ်ထဲမှာ ဘာရှိနေမလဲဆိုတာလည်း အတိအကျမသိဘူး။ ဒီနေရာထက် ပိုကောင်းရင်တော့ ငါတို့ ပြောင်းသွားလို့ရတယ်။"
ကျန်းမြောင်မြောင်က ထရပ်လိုက်ပြီး သူ့ကို ဆွဲလိုက်သည်။ "ဒါဆို ဘာစောင့်နေတာလဲ။ သွားကြမယ်လေ။"
ထိုနေရာ၌ လျှပ်စစ်မီးရှိလေသည်။
တစ်စုံတစ်ယောက်က သူမ၏ မသေခင်ဆန္ဒက ဘာလဲဟု မေးခဲ့လျှင် လေအေးပေးစက်၊ တီဗွီကြည့်၊ ဂိမ်းကစား၊ ရေခဲသေတ္တာထဲက ရေခဲမုန့်၊ လျှပ်စစ်မီးဖိုနှင့် ချက်ပြုတ်ခြင်း၊ ရေချိုးဆပ်ပြာ ရောင်စုံလုံးဖြင့် ရေချိုးခြင်းနှင့် အခန်းထဲ မီးအလင်းရောင်ရခြင်းဟု ဖြေရပေလိမ့်မည်။
ကမ္ဘာကြီး၏ အဆုံးသတ်နေ့ရက်များတွင် ထိုကဲ့သို့ သက်သောင့်သက်သာရှိစွာ နေထိုင်ရလျှင် သူမက ဆယ်နှစ်လောက် ပျော်ပျော်ကြီးနေပစ်လိုက်မည် ဖြစ်သည်။
YOU ARE READING
ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)
Fantasyကျန်းမြောင်မြောင် x လုချီမင် မူရင်းစာရေးသူ - နိုင်ရှန်းဝေ့သာ