အခန်း (၁) နိဒါန်း။

11.4K 583 33
                                    

၂၀၀၇ ခုနှစ်၊ သန်လျင်မြို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်။

အနီရောင်ကားကလေးတစ်စီး တက္ကသိုလ်၏ မိန်းလမ်းမကြီးထဲသို့ ခပ်မြန်မြန်ဝင်လာသည်။ ပလက်ဖောင်းပေါ်လျှောက်နေကြသည့် ကျောင်းသူကျောင်းသားများ အေးဆေးစွာ ဆက်လျှောက်နေကြသော်လည်း ကားလမ်းမပေါ်လျှောက်နေသည့်သူများကတော့ ရှဲခနဲ ဘေးကိုကပ်လိုက်ကြရသည်။ ကားကလေးကတော့ တက္ကသိုလ်၏ အဆောင်(၁)ရှိရာ ဘယ်ဘက်လမ်းသို့ ချိုးကွေ့လိုက်ပြီး ကားရပ်နားသည့်နေရာ၌ ထိုးစိုက်ရပ်လိုက်သည်။

သူမ ကားစက်သတ်ပြီးနောက် ကားမှန်ထဲသို့ စိုက်ကြည့်လိုက်သည်။ ခပ်ရဲရဲနှုတ်ခမ်းနီသည် ဖူးလွှနေသော နှုတ်ခမ်းတစ်စုံကို ဝင့်ကြွားနေစေအောင် ကူညီပေးနေသည်။ အနည်းငယ် ချိုင့်ဝင်နေသယောင်ထင်ရသည့် မျက်တွင်းနက်နက်များ၏အထက်၌ ပါးလျသွယ်တန်းနေသော မျက်ခုံးများ။ သူမက နားရွက်၌ ချိတ်ဆွဲလာသည့် ပုလဲလုံးနားဆွဲလေးကိုတစ်လှည့်၊ လည်ပင်း၌ ဆင်မြန်းလာသော ပုလဲကုံးဆွဲကြိုးလေးကိုတစ်လှည့် ကြည့်ကာ ခပ်ရေးရေးပြုံးလိုက်သည်။ သေးသွယ်သည့် နှာတံကလေးမှာ ထိုမျက်နှာလှလှ၏ အဓိကစစ်သူကြီးသဖွယ် ရှေ့တန်း၌ တောက်ပထင်းလင်းနေသည်။

ဝတ်လာသော မြန်မာဝတ်စုံမှာ အနီရောင်။ အင်္ကျီလက်ရှည်၏ အနားစများမှာ သူမ၏ လက်ကောက်ဝတ်ထက်၌ ချပ်ရပ်စွာ ကပ်နေသည်။ ထဘီပေါ်ရှိ ပန်းပွင့်များမှာ ပါတိတ်ထဘီဟုမထင်ရအောင်အထိ အသက်ဝင်နေသည်။ ကားတံခါးပွင့်သည့်အဆုံး မြေပြင်ပေါ်သို့ချလိုက်သည့် အနက်ရောက် နှစ်လက်မဒေါက်ဖိနပ်။ လက်တွင်ချိတ်ထားသည့် အိတ်အနက်ရောင်ထဲ၌ လိုရမယ်ရထည့်ခဲ့သော စာအုပ်အချို့နှင့် အလှပြင်ပစ္စည်းအချို့ပါလာသည်။

တစ်လှမ်းချင်းလျှောက်နေသောသူမကိုကြည့်၍ ယောက်ျားလေးများက ပြုံးဖြီးဖြီးဖြစ်နေကြသည်။ မိန်းကလေးများကတော့ စူးစမ်းနေသောဟန်အပြည့်။ အဆောင်(၁)သို့ တန်းတန်းမတ်မတ်လျှောက်သွားလိုက်ပြီး အပေါ်ထပ်နှစ်လွှာသို့တက်လိုက်သည်။

"ဒီမယ် အင်္ဂလိပ်စာ ပထမနှစ်တွေက ဘယ်အခန်းလဲသိလား"

စင်္ကြန်လမ်းတွင်တွေ့လိုက်သည့် ကြုံရာမိန်းကလေးကို သူမခဏရပ်ပြီးမေးတော့ ထိုမိန်းကလေးက မေးခွန်းကိုအရင်မဖြေ။ သူမကို ခြေဆုံးခေါင်းဆုံးကြည့်နေသည်။ ခဏအကြာမှ

တိမ်လိုမြူလိုTahanan ng mga kuwento. Tumuklas ngayon