"အဲ့သီချင်းက ငါအရမ်းကြိုက်တာ ငါပြောပြမယ်။ ကိုင်ဇာရဲ့အသံကို နင်တို့ဘယ်လိုထင်လဲ"
အနောက်တန်းမှ အသံဆာဆာကလေးက အခန်းထဲ ထိုးထွက်နေသည်။ မာယာလှည့်မကြည့်သော်လည်း အနောက်နား၌ ဖြစ်နေမည့်မြင်ကွင်းကို အလွတ်ရနေပါပြီ။ ခုံပေါ်တွင် ခြေတုပ်ထိုင်ကာ သူ၏ဆံပင်အညိုရောင်များကို တသပ်သပ်ဖြင့် စကားပြောနေသည့် တယောညို၏စကားများကို ဆုပန်သာတို့က စိတ်ဝင်တစားနားထောင်နေကြလိမ့်မည်။ ညို့၏စကားပြောဆိုပုံမှာ တက်ကြွလွန်းလှသည်။ လောကကြီးထဲသို့ ခြေဆန့်ဝင်တော့မည့် ဖျတ်လတ်နေသော ငှက်ငယ်လေးပမာ ညိုက အတန်းထဲတွင် သွက်လက်လွန်းသည်။ တက္ကသိုလ်ပထမနှစ်ကျောင်းသူတစ်ဦးအနေဖြင့် အသစ်အဆန်းတွေများသော်လည်း မာယာ့အတွက် အထူးဆန်းဆုံးကတော့ အတန်းထဲမှ သာလိကာမလေးပင်။ တယောညိုနှင့် မာယာ့ကို တဖြည်းဖြည်း ယှဉ်တွဲပြီးလူသိများလာခြင်းမှာလည်း သူမတို့၏ မတူညီသော သွင်ပြင်ဆွဲဆောင်မှုကြောင့်ဖြစ်လိမ့်မည်။ မာယာက ခေတ်ရိုင်းတစ်ခုကို နောကြေအောင်ဖြတ်သန်းဖူးသကဲ့သို့ သူမ၏ နေပုံထိုင်ပုံ၊ စကားပြောဆိုပုံ အမူအရာတို့မှာ တုံးတိဆန်လှပြီး ဆွဲဆောင်မှုရှိသည်ဟု ဝင့်ဝါအောင်က သူ၏မျက်မှန်အထူကြီးကိုပင့်တင်ပြီး ခဏခဏပြောလေ့ရှိသည်။
"မိုးရွာရင်မိုးရေချိုးမယ်.."
ထိုသို့သော သီချင်းဆိုသံကိုလည်း မာယာကြားရဖန်များလာသည်။
"မာယာနွယ် ရှင်နေ့ခင်းကျရင် ညိုတို့နဲ့ ထမင်းအတူလိုက်စားပါ့လား တစ်ယောက်တည်းမပျင်းဘူးလား"
တယောညိုက အခြားသူများကို နင်နဲ့ငါဟုသုံးသော်လည်း သူမကိုတော့ အမည်အပြည့်အစုံခေါ်ပြီး သူ့ကိုယ်သူ ညိုဟုသုံးသည်။ မာယာ ခပ်သဲ့သဲ့လှည့်ကြည့်ကာ သူ့ကို စိုက်ကြည့်လိုက်တော့ သူက အခြားသူများလို ရှက်ကိုးရှက်ကန်းဖြစ်သွားသည်မရှိ။ မျက်ရစ်များထင်းနေသော သူ၏မျက်လုံးများဖြင့် မာယာ့ကို တစ်ဖန်ပြန်၍ စိုက်ကြည့်နေသည်။
"မပျင်းဘူး"
"ကဲပါ လုပ်စမ်းပါ ရှင်ဘာစားချင်လဲ ညိုဝယ်ကျွေးပါ့မယ်"
![](https://img.wattpad.com/cover/352236268-288-k674295.jpg)
ESTÁS LEYENDO
တိမ်လိုမြူလို
Ficción Generalလူတိုင်း ဘဝမှာ တိမ်လိုမြူလို အုံ့ဆိုင်းခဲ့ရတဲ့ ခံစားချက်တွေကို တစ်ခေါက်လောက်တော့ ပွေ့ပိုက်ထားဖူးကြပါလိမ့်မယ်။ ဒီဇာတ်လမ်းဟာ တိမ်တွေလို ဖမ်းဆုပ်ရခက်ပြီး၊ မြူတွေလို မြင်အောင်ကြည့်ဖို့ခက်လှတဲ့ မိန်းမတစ်ယောက်ရဲ့ဘဝထဲက တိမ်လိုမြူလို ခံစားချက်တွေအကြောင်းပါ။...