မနက်ခင်းနိုးကာစတည်းက မကြည်မလင် နိုးထလာခဲ့သည်။ ဖျားချင်နေသည်လား မသည်းကွဲ။ မာယာ ဒီနောက်ပိုင်း ကျန်းမာရေး ခြူခြာလာတာတော့ ဝန်ခံရမည်။ အသက်လည်း သိပ်မငယ်တော့ဘူးမဟုတ်ပါလား။ မှန်ရှေ့တွင်ရပ်နေသော ဂါဝန်ရှည်ဖြင့် အရှုံးသမားတစ်ယောက်ကို ငေးကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။
"ဗလာ ပါပဲလား"
မာယာနွယ်သည် ကိုယ့်ကိုယ်ကိုယ် ထိုသို့မြင်နေခဲ့သည်မှာ ကြာလှပြီ။ တစ်စုံတစ်ယောက်ထံမှ လိုချင်ခဲ့သည့် ချစ်ခြင်းမေတ္တာ မရခဲ့၍လည်းဖြစ်နိုင်သည်။ အဖြစ်နိုင်ဆုံးပါပင်။
"မောင်လေး အစ်မနောက်ကျမယ်နော် မနက်စာလေး ဝင်စားနေလို့"
ကြည်ရွှင့်ကို ဖုန်းဆက်ပြီးနောက် မာယာ သက်ပြင်းတစ်ချက်ချလိုက်မိသည်။ မနက်ခင်း ကိုးနာရီအချိန်သည် မနက်စာစားဖို့ နောက်မကျသေးဘူးဟုထင်ပါသည်။ လက်ဖက်ရည်ဆိုင်ကြီးထဲ လူများပြည့်နေသည်။ ကျဆိမ့်တစ်ခွက်နှင့် ထောပတ်နံပြားတစ်ပွဲက သူမရှေ့မှာ ငြိမ်သက်နေသည်။ တီးတိုးစကားပြောသံများ၊ ကျယ်လောင်သော စကားပြောသံများ၊ လက်ဖက်ရည်ခွက်ကို ပန်းကန်ပြားလေးပေါ် ပြန်ချလိုက်သံ၊ စတီးဇွန်းဖြင့် ကြွေခွက်ထဲ လှည့်ပတ်မွှေနေသည့်အခါထွက်လာသည့် အသံ။
"မုန့်ဟင်းခါးရပါပြီခင်ဗျ"
စားပွဲပေါ်သို့ရောက်လာသော အငွေ့တထောင်းထောင်းဖြင့် မွှေးကြိုင်နေသည့် မုန့်ဟင်းခါးပန်းကန်ကိုကြည့်၍ မာယာပြုံးလိုက်မိသည်။ စားပွဲထိုးလေးကတော့ အမြန် ပြန်ထွက်သွားခဲ့ပါပြီ။ ပန်းကန်ပြားသေးသေးလေးထဲတွင်ထည့်ပေးထားသော သံပုရာသီးစိတ်ကို မုန့်ဟင်းခါးပန်းကန်ထဲသို့ အားကုန်သုံး၍ ညှစ်ထည့်လိုက်သည်။ မလှမ်းမကမ်းက အဖုံးအုပ်ကြွေခွက်လေးများကို တစ်ခုပြီးတစ်ခုလိုက်ဖွင့်ကြည့်လိုက်သည်။ ငရုတ်သီးမှုန့်များကိုတွေ့သည့်အခါ ဇွန်းဖြင့် ၃ဇွန်းမျှ ခပ်ထည့်လိုက်သည်။ နံနံပင်ပန်းကန်ကို ခပ်ဝေးဝေးသို့ တွန်းလိုက်ပြီး မုန့်ဟင်းခါးကို စတင်စားလိုက်ပါသည်။ ဤလက်ရာသည် ကောင်း၏လော မကောင်း၏လော သူမ မဝေခွဲနိုင်။ အတွေးထဲတွင် တကယ်ရှိနေသည်က မုန့်ဟင်းခါးမဟုတ်။ လွန်ခဲ့သည့်တစ်ပတ်က ငွေငါးသိန်းစိုက်ပေးလိုက်ရသည့် မိန်းကလေးတစ်ဦးဖြစ်သည်။
![](https://img.wattpad.com/cover/352236268-288-k674295.jpg)
ESTÁS LEYENDO
တိမ်လိုမြူလို
Ficción Generalလူတိုင်း ဘဝမှာ တိမ်လိုမြူလို အုံ့ဆိုင်းခဲ့ရတဲ့ ခံစားချက်တွေကို တစ်ခေါက်လောက်တော့ ပွေ့ပိုက်ထားဖူးကြပါလိမ့်မယ်။ ဒီဇာတ်လမ်းဟာ တိမ်တွေလို ဖမ်းဆုပ်ရခက်ပြီး၊ မြူတွေလို မြင်အောင်ကြည့်ဖို့ခက်လှတဲ့ မိန်းမတစ်ယောက်ရဲ့ဘဝထဲက တိမ်လိုမြူလို ခံစားချက်တွေအကြောင်းပါ။...