အခန်း ၇

811 156 21
                                    

ပြတင်းပေါက်မှာ တင်းကျပ်စွာပိတ်ထားပြီး ဖယောင်းတိုင်မီးရောင်မှာ တဖျတ်ဖျတ်လက်နေလေသည်။

စုပိုင်ချဲ့မှာမူကား စားပွဲတွင်ထိုင်လျှက် လက်ထဲ၌လည်း ဆံထိုးတစ်ချောင်းကိုကိုင်ကာ ရံဖန်ရံခါတွင် ဖယောင်းတိုင်မီးနှင့် ဆော့ကစားနေလေ၏။

“ယဲ့ပင်းရန်က ထွက်သွားပြီ” အသံတိုးတိုး၊ သရော်ဟန်မျက်နှာထားဖြင့် ရေရွတ်လိုက်သည်။ “ရှန့်မင်သစ်သီးကို ဘယ်လိုယူရတော့မှာလဲ?”

အစက သူ၏အစီအစဉ်မှာ ယဲ့ပင်းရန်အား ချင်းလင်ဂိုဏ်းတွင်ရက်အနည်းကြာမျှ ထပ်နေခိုင်းရန်ဖြစ်သည်။ သို့သော် ယခုချိန်တွင် ယဲ့ပင်းရန်မှာ ဒဏ်ရာရနေသည်ဖြစ်၍ ရှန့်မင်သစ်သီးကို ယှဉ်ပြိုင်ရယူနိုင်မည်မဟုတ်သဖြင့် စုပိုင်ချဲ့အတွက် အကူအညီမဖြစ်နိုင်တော့ပေ။

ရှန့်မင်သစ်သီးသည် နှစ်ပေါင်းတစ်ထောင်ကြာမှ တစ်ကြိမ်သာသီးသော ဝိညာဉ်စွမ်းအားသစ်သီးဖြစ်သည်။ ၎င်းထဲတွင်ပါဝင်သော ဝိညာဉ်စွမ်းအားသည် မည်သည့်ကျင့်ကြံသူ၏ ဝိညာဉ်စွမ်းအားကိုမဆို ဘေးဥပဒ်မဖြစ်စေဘဲ အလျှင်အမြန် တိုးတက်စေနိုင်သည်။ ဝိညာဉ်တည်ဆောက်ခြင်းအဆင့်ရှိ ကျင့်ကြံသူတိုင်းသည် ထိုသစ်သီးကို အလိုရှိကြလေသည်။

ယခုမူ ယင်းသစ်သီးသည် ချင်းလင်ဂိုဏ်းတွင်ရှိနေသည်။ ယင်းသစ်သီးကိုပိုင်ဆိုင်ရန်အတွက် ပြုလုပ်မည့်ပြိုင်ပွဲသည် ဂိုဏ်းချုပ်ပြန်ရောက်လာချိန်တွင် ပြုလုပ်မည်ဖြစ်သည်။

အခန်းထဲတွင် ခဏမျှတိတ်ဆိတ်သွားပြီးနောက် ခပ်အက်အက်အသံတစ်ခု ထွက်လာသည်။

မှိန်ပြပြဖယောင်းတိုင်မီးက နောက်ခံအနေနှင့် ပေါင်းစပ်လိုက်သောအခါ ထိုအသံမှာ လျှို့ဝှက်ဆန်းကျယ်၍ ကြောက်စရာပင်ကောင်းနေတော့သည်။
“လင်ယဲ့ပြန်လာရင် အဲဒီဝိညာဉ်သစ်သီးကို မင်းကိုအသာတကြည်နဲ့ ပေးလာလိမ့်မယ်... မင်းလုပ်ရမဲ့တစ်ခုတည်းသောအရာက ငါခိုင်းသမျှကို သေသေချာချာလိုက်လုပ်ပြီး အောင်ယွဲ့ကို သေချာဂရုစိုက်ဖို့ပဲ”

“အဲဒီလိုခွေးတစ်ကောင်ကို ဂရုစိုက်နေလို့ရော ဘာအကျိုးရှိလို့လဲ?” လက်ထဲမှဆံထိုးကိုစားပွဲ‌ပေါ်သို့ပစ်ချပြီး အေးစက်သောမျက်နှာထားနှင့် စုပိုင်ချဲ့မှနေ၍ ပြန်ပြောလိုက်သည်။ “အခုချိန်မှာ‌တော့ ခွေးဟောင်သံကတောင် ကျုပ်ကိုစိတ်အနှောင့်အယှက်ဖြစ်စေတယ်... ထုံရှီး ဒီထက်ပိုပြီးအသုံးဝင်မဲ့ဟာကိုပဲ လုပ်ခိုင်းပါလား”

ဗီလိန်ရှစ်ဇွင်းက ပန်းပွင့်လေးလိုပါလား-Unicode (Ongoing)Where stories live. Discover now