ခရီးသည်တွေတင်လာသောကားလေးဟာ မြို့အတွင်းသို့တရွေ့ရွေ့ဖြင့်ဝင်လာသည်။ ခရီးအဆုံးသို့ရောက်ရှိတော့မည်ဖြစ်သည့်အတွက် အိပ်၍လိုက်လာသူများလည်းနိုးလာကာ ကားပေါ်မှဆင်းဖို့ရာပြင်ဆင်ထားလျက်ရှိသည်။
အဆုံးရောက်လို့ခရီးသည်အားလုံးဆင်းကြသွားသော်လည်း ကားရဲ့နောက်ဆုံးတန်းတွင်အမျိုးသားငယ်တစ်ဦးက ကားမှန်အပြင်ဘက်သို့ငေးကာကျန်ရှိလို့နေခဲ့သည်။
" ကောင်လေး ဆင်းရတော့မယ်လေ "
ကားသမားဦးလေးကြီးရဲ့သတိပေးသံကိုကြားကာမှ အမျိုးသားငယ်ဟာအသိဝင်လာသလိုမျိုး သူ့မှာပါလာတဲ့ကျောပိုးအိတ်ကိုယူလျက် ဆင်းရန်ဟန်ပြင်တော့သည်။
ချောမောလှသည့်အမျိုးသားဟာ သိသိသာသာကိုမှိုင်းပျပျဖြစ်နေသည့်မျက်နှာအသွင်အပြင်နှင့်ရှိနေခဲ့သည်။ လေးလံနေတဲ့ခြေလှမ်းတွေမှာလည်း စိတ်နဲ့ကိုယ်နဲ့ကပ်မနေသလိုမျိုး။
ကားသမားဦးလေးကြီးကတော့ အမျိုးသားငယ်ဆင်းသွားသည်ကိုတစ်ချက်ကြည့်ပြီးမှ ကားကိုနေရာတကျရပ်နားရန်ဟန်ပြင်တော့လေသည်။
ကားပေါ်မှဆင်းလိုက်သည်နှင့်ဆောင်းဟွန်းကိုစီးကြိုနေသည်မှာ အုံ့မှိုင်းမှိုင်းရာသီဥတုသာရှိသည်။ စိတ်အခံမကောင်းနေတဲ့သူရဲ့အခြေအနေကို ရာသီဥတုကပိုမိုဆိုးရွားစေသကဲ့သို့။
သက်ပြင်းချသံကျယ်ကျယ်ကထွက်ပေါ်လာသည်။ ခန္ဓာကိုယ်တစ်ခုလုံးလှုပ်ရှားဖို့ရာအတွက် စိတ်ထဲပင်ပန်းလွန်းနေသော်ငြား မတ်တပ်ရပ်နေရုံနဲ့တည်းခိုရမဲ့အိမ်ကိုရောက်မှာမဟုတ်သည်မို့ မရွေ့ချင်၊ရွေ့ချင်နှင့်ခြေလှမ်းတွေကိုစတင်လှမ်းလိုက်ရသည်။
သူငယ်ချင်းဖြစ်သူပြောထားသည့်အတိုင်း ကားရပ်နားထားရာမှဖြည်းဖြည်းချင်းလျှောက်သွားပြီး တစ်လမ်းကျော်လောက်ရောက်တဲ့အခါမှာတော့ ဖက်ထုပ်ဆိုင်ကိုရှာပုံတော်ဖွင့်ရသည်။
ဆိုင်တွေအများကြီးကြား ဂျေးပြောတဲ့ဆိုင်နာမည်ကိုလိုက်ရှာရသည်မှာ သူ့အတွက်ပိုပင်ပန်းလို့လာသည်။ ဟော တွေ့ပါပြီ။ ညာဘက်အစွန်ဆုံးမှာရှိနေတဲ့ဆိုင်ကို။