" ပတ်ဆောင်းဟွန်းလာပြီ "
အိမ်တံခါးကိုဖွင့်လိုက်တာနဲ့တန်းပြီးကြားရတဲ့ယန်းဂျောင်ဝန်းရဲ့ပျော်မြူးနေဟန်ရှိသောအသံ။ ဆောင်းဟွန်းကိုစောင့်နေတာဖြစ်ကြောင်းမှာသိသာလှစွာပင်။
" ဆောင်းဟွန်းကိုအိမ်ထဲအရင်ဝင်ပါစေဦး ဂျောင်ဝန်းရယ် "
အဘွားပြောလည်းပြောချင်စရာ။ ယန်းဂျောင်ဝန်းကပြေးလာပြီး သူ့လက်ကိုရဲရဲတင်းတင်းဆုပ်ကိုင်ထားတာကြောင့် ဆောင်းဟွန်းမှာဖိနပ်ချွတ်တဲ့နေရာတင်ရပ်တန့်နေရဆဲဖြစ်သည်။
" ရပါတယ် အဘွားရဲ့။ ပတ်ဆောင်းဟွန်းကကျွန်တော့်ကိုဆိုစိတ်မဆိုးဘူး "
ဆောင်းဟွန်းမျက်ခုံးပင့်လိုက်မိသည်။ သူ့ဘေးကကောင်လေးကိုလှည့်ကြည့်တော့ ယုံကြည်ချက်တွေပြည့်ဝနေတဲ့မျက်နှာအားတွေ့ရ၏။ သူကိုယ်တိုင်တောင်မသိလိုက်ပါပဲ ပြုံးမိသွားသည့်အခိုက်အတန့်ပါပေ။
" အမလေးတော် အားနာတတ်လို့ဆောင်းဟွန်းလေးကငြိမ်ပေးနေတာကိုများ "
ပန်းအိုးထိုးနေတာမပျက်ပဲပြန်လည်ချေပလာသောအဘွားဖြစ်သူရဲ့စကားကြောင့် ဆောင်းဟွန်းဘေးကအကောင်ပေါက်မှာစူပုပ်ပုပ်ဖြစ်သွားရသည်။
" မသိဘူး ဘယ်လိုနေနေဗျာ "
မကျေနပ်သည့်အသံလေးဖြင့်ပြောသွားပြီးနောက် ယှက်တွယ်ထားသည့်လက်ကိုချက်ချင်းဖြုတ်ပစ်ပြီး ယန်းဂျောင်ဝန်းကသူ့အခန်းထဲပြေးဝင်လို့သွားသည်။
စပြီးလာရောက်ကိုင်တွယ်တုန်းကနေရခက်တာမျိုးမရှိခဲ့ပေမဲ့ အခုလိုဖြုတ်သွားတော့ကျ သူ့ရင်ထဲဟာတာတာခံစားချက်ကကျန်လို့နေခဲ့သည်။ ထူးဆန်းလိုက်တာ။
" အင်္ကျီသွားလဲတာနေမယ်။ ဒီနားလာထိုင်လေ ဆောင်းဟွန်း "
" ဟုတ် အဘွား "
အဘွားရဲ့ခေါ်သံကြောင့်ဆန်းစစ်နေတာကိုရပ်တန့်လို့ ခြေလှမ်းတွေအားရွေ့စေလိုက်သည်။
" မျက်နှာကသိပ်မပျောက်ချင်သေးဘူးပဲ အမာရွတ်ကျန်လို့မဖြစ်တာကို "
အရင်ရက်ကရခဲ့တဲ့ဒဏ်ရာတွေကိုဆိုလိုခြင်းဖြစ်သည်။ တော်တော်များများသက်သာလာပေမဲ့ မျက်ခုံးနားမှာရသွားတဲ့ခြစ်ရာကအနည်းငယ်နက်သွားလို့သေချာဆေးထည့်နေရဆဲပင်။