စားပွဲတင်နာရီရဲ့တစ်ချက်ချက်မြည်သံမှလွဲ၍ ပကတိတိတ်ဆိတ်နေတဲ့အခန်းငယ်။ ဆောင်းဟွန်းတစ်ယောက်စာထိုင်ရေးနေခဲ့သည်မှာ မနက်စာစားပြီးကတည်းကနေအခုအထိတွက်ကြည့်မယ်ဆို တစ်နာရီကျော်လောက်တော့ရှိနေခဲ့ပြီပင်။
အတော်အသင့်လည်းရေးပြီးပြီမို့ ညဘက်စိတ်ပါရင်တော့တစ်ခါရေးဦးမယ်တွေးရင်းဖြင့် laptop အားပိတ်လိုက်သည်။ အာရုံစိုက်လိုက်ရသည့်အတွက် အနည်းငယ်ညောင်းသွားရတဲ့မျက်လုံးတွေကိုအနားပေးဖို့ စာရေးတဲ့အခါတပ်လေ့ရှိတဲ့မျက်မှန်လေးကိုချွတ်ကာ ခဏမျက်စိမှိတ်နေလိုက်သည်။
ပြီးနောက် နေရာမှထကာလေကောင်းလေသန့်လေးရှူဖို့ရာအတွက် တစ်မနက်လုံးအောင်းနေမိတဲ့ အိမ်ထဲကနေထွက်လာခဲ့လိုက်ပါသည်။
" အဘွားကလည်း "
ဆောင်းဟွန်းခြံထဲရောက်ရောက်ချင်းမှာ အဘွားဖြစ်သူအနားကပ်ပြီးတစ်ခုခုအတိုက်အခံပြောနေပုံရသည့် ယန်းဂျောင်ဝန်းကိုဦးစွာတွေ့လိုက်ရသည်။
သီးပင်၊စားပင်လေးတွေကိုအနည်းအကျဉ်းစိုက်ပျိုးထားတဲ့နေရာမှာ အဘွားကအရွက်တွေခူးနေတာဖြစ်သည်။ ယန်းဂျောင်ဝန်းကတော့အဘွားသွားရာလိုက်ပြီး ဘေးကနေတတွတ်တွတ်ဖြင့်ပြောလို့နေ၏။
" ဟိုနေ့ကရလာတဲ့ကဒဏ်ရာတွေတောင်မပျောက်သေးတဲ့နင့်ကို ငါကဘယ်လိုများယုံကြည်ပြီးလွှတ်ရမှာလဲ။ မသွားရဘူးဆိုမသွားနဲ့ "
တားမြစ်တဲ့စကားသံအဆုံးမှာ ယန်းဂျောင်ဝန်းရဲ့မျက်နှာကမဲ့ကျလို့သွားသည်။
" ဒီအဘွားကြီးကအသက်ကြီးပါပြီဆို ရှိတဲ့မြေးလေးအားကိုးရမလား အောက်မေ့ပါတယ် တစ်နေ့တစ်နေ့သူ့ပြဿနာလိုက်ရှင်းနေရတာနဲ့ကိုမပြီးနိုင်ဘူး။ ငါ့မယ်သေချင်ရင်တောင် နင့်ကိုစိတ်မဖြောင့်လို့ မသေ- "
" အဘွား! "
ယန်းဂျောင်ဝန်းရဲ့အော်သံစူးစူးဟာထွက်လာသည်။ အဘွားလည်းငြိမ်ကျသွားပြီးမှ သူ့မြေးရှိတဲ့ဘက်သို့အထိတ်တလန့်လှည့်ကြည့်သည်။
ဆောင်းဟွန်းမြင်နေရတဲ့ယန်းဂျောင်ဝန်းပုံစံမှာ ရဲတက်လာတဲ့မျက်နှာနဲ့အတူ အသက်ရှူပြင်းပြင်းရှူလို့နေသည်။ ဘာများလဲ။ ထိုစကားအပေါ်မှာဒေါသထွက်သွားတာဖြစ်မလား။