ဧည့်ခန်းအတွင်းဖွင့်ထားတဲ့တီဗွီသံသဲ့သဲ့ကိုဆောင်းဟွန်းကြားနေရသည်။ တရားခံကတော့အခြားမဖြစ်နိုင်။ ဒီအိမ်မှာယန်းဂျောင်ဝန်းနဲ့သူကလွဲရင်ဘယ်သူရှိသေးလို့လဲ။
အိမ်အတွင်းအခြေအနေကတီဗွီသာဖွင့်မထားဘူးဆိုတိတ်ဆိတ်နေမှာမလွဲဧကန်။ နှစ်ယောက်အတူနေနေရတဲ့ဒီရက်ပိုင်းလေးအတွင်း သူတို့နှစ်ယောက်အတူအချိန်ကုန်ဖြစ်တာလည်းများသလို အခုလိုမျိုးကိုယ်ပိုင်အချိန်လေးတွေလည်းရှိတတ်သည်။
ဂျောင်ဝန်းကထင်ထားတာထက်နားလည်ပေးတတ်တဲ့လူမျိုးပါပေ။ ဂျစ်တစ်တစ်လုပ်တတ်သလောက် သူ့အပေါ်ဂရုလည်းစိုက်ပေးတယ်ဆိုတာ အတူနေရတဲ့သုံးရက်အတွင်းမှာသိခဲ့ရပြီးဖြစ်သည်။
အခုလည်း ဆောင်းဟွန်းကစာအုပ်တစ်အုပ်နဲ့အခန်းထဲမှာငြိမ်နေပြီး ထိုကလေးကတော့မုန့်တစ်ခုခုစားရင်းဧည့်ခန်းထဲမှာတီဗွီတစ်လုံးနဲ့ရှိနေလိမ့်မည်။
ခါတိုင်းဆိုသူကစာဖတ်တဲ့အခါ တစ်အုပ်လုံးပြီးမှထိုင်ရာကနေထတတ်သူဖြစ်သော်လည်း အခုကျယန်းဂျောင်ဝန်းဘာလုပ်နေမလဲသိသိကြီးနဲ့ကိုအနားသွားနေပေးချင်စိတ်ဖြစ်နေရသည်။
စိတ်တွေမူမမှန်ဖြစ်နေတာသိသော်ငြား အဖြေထုတ်လိုက်ဖို့ရာအတွက်လည်းအချိန်ယူချင်နေသေးပါသလို။ ဒဏ်ရာဟောင်းမကျက်သေးတာတော့လုံးဝမဟုတ်ရပါချေ။ ဒါကိုသူကိုယ်တိုင်လည်းအတိအကျကိုသိနေပါ၏။
စာဖတ်နေလည်းအတွေးကအပြင်ဘက်ကိုရောက်နေပြီမို့ အာရုံစိုက်မရတော့တာကြောင့် ဖတ်လက်စစာအုပ်ကိုပိတ်လိုက်ကာအံဆွဲထဲပြန်ထည့်လိုက်ပြီး အပြင်ထွက်ဖို့လုပ်လိုက်စဉ် ဖုန်းမြည်သံကိုကြားလိုက်ရသည်။
ကောက်ကိုင်လိုက်တော့ screen မှာပေါ်နေတာကအဘွားရဲ့ဖုန်းနံပါတ်သာ။
" ဟုတ်ကဲ့ အဘွား "
" အေး ဆောင်းဟွန်းလေး အလုပ်များနေသလားကလေး "
ကိုင်လိုက်တာနဲ့အဘွားရဲ့အသံကကြည်ကြည်လင်လင်ထွက်ပေါ်လာတာမလို့ ဆောင်းဟွန်းပြုံးလိုက်မိ၏။
" မများပါဘူး အဘွား။ အဲ့ဒီ့မှာရော အကုန်အဆင်ပြေတယ်မလားဗျ "