အိမ်အတွင်းတွင်တိတ်ဆိတ်မှုကြီးစိုးနေသည်။ ဧည့်ခန်းမှာမျက်နှာချင်းဆိုင်နေရာယူကာထိုင်နေတဲ့ ဂျောင်ဝန်းနဲ့အမျိုးသမီးငယ်မှာဖြင့် တစ်ယောက်ကိုတစ်ယောက်ဆိတ်ငြိမ်စွာအကဲခတ်နေလျက်။
ဘာစကားမှမဆိုပဲ သိသိသာသာပင်အကြည့်ချင်းပြိုင်နေကြတဲ့အခိုက်အတန့်ဟာ ဆောင်းဟွန်းဟျောင်းတစ်ယောက်ကော်ဖီခွက်ကိုယူကာရောက်လာချိန်မှသာရပ်တန့်တော့လေသည်။
" ကျေးဇူးပဲ ဟွန်း "
အမျိုးသမီးငယ်က ဆောင်းဟွန်းဟျောင်းကိုပြုံးကြည့်ကာပြောတယ်။ ခပ်ယေးယေးအပြုံးလေးမှာဆောင်းဟွန်းဟျောင်းရဲ့မျက်နှာထက်တွင်လည်း ဖြစ်တည်နေကြောင်းမြင်ရတဲ့အခါ ဘဝင်မကျခြင်းများစွာ ဂျောင်ဝန်းရင်ထဲကိန်းအောင်းလို့လာခဲ့သည်။
" ဒါဆို နှစ်ယောက်စကားပြောလိုက်ပါဦး "
ဒီလိုအခြေအနေမျိုးမှာကလေးဆန်ပြီးဂျစ်တိုက်နေလို့မဖြစ်တာကိုသဘောပေါက်တဲ့ဂျောင်ဝန်းက သဘောမကျသော်လည်းပဲစိတ်ကိုလျှော့ရင်းဖြင့် နေရာမှထဖို့ဟန်ပြင်လိုက်ရသည်။
ထွက်သွားတော့မည့်ဂျောင်ဝန်းလက်ကောက်ဝတ်ကို ဆောင်းဟွန်းဟျောင်းကလျှင်မြန်စွာလှမ်းဆွဲတဲ့နောက် အမျိုးသမီးငယ်ရဲ့မျက်နှာတစ်ချက်ပျက်သွားကြောင်းကို သူမြင်ဖြစ်အောင်မြင်လိုက်ရပါသေးသည်။
" ဘယ်သွားမလို့လဲ "
စိတ်ကိုတင်းပြီးထွက်သွားပေးမလို့ကို မေးလာတဲ့လူကြောင့်ဆုံးဖြတ်ချက်ကိုပြန်ပြင်လိုက်ချင်စိတ်ပင်ပေါက်လာသည်။ ကိုယ့်အပိုင်မဖြစ်သေးတဲ့ချစ်ရသူကို သူ့ရဲ့ရည်းစားဟောင်းနဲ့အတူထားခဲ့ရမှာ တစ်စက္ကန့်လေးတောင်ဂျောင်ဝန်းမလိုလားပေ။
သို့သော်လည်း သူကဘာတတ်နိုင်ပါ့မလဲ။ ဆောင်းဟွန်းဟျောင်းရဲ့ကိစ္စကိုဝင်စွက်ဖက်ရလောက်တဲ့အထိ ဂျောင်ဝန်းကအရေးမပါသေးဘူးမဟုတ်လား။
သက်ပြင်းတစ်ချက်မသိမသာချကာ လက်ကောက်ဝတ်ပေါ်ရောက်နေတဲ့ဖြူဖြူသွယ်သွယ်လက်ချောင်းလေးတွေကိုဆွဲခွာလိုက်တော့ ဆောင်းဟွန်းဟျောင်းရဲ့မျက်နှာအမူအယာအနည်းငယ်ပြောင်းလဲသွားခြင်းအားမြင်တွေ့ရသည်။ အလိုမကျခြင်းများဖြစ်လေမလား။