" good morning ပါ ချစ်တတ်သူကြီး "မနက်နိုးလာတာနဲ့ဆောင်းဟွန်းကိုလာပြီးရန်စနေသူမှာနှစ်ယောက်မရှိသောယန်းဂျောင်ဝန်းပေ။ တစ်နေကုန်ဆောင်းဟွန်းအနားကိုရောက်လာတတ်ပြီး ထိုကဲ့သို့လာလာခေါ်နေသည်မှာရက်အနည်းငယ်ကြာခဲ့ပြီဖြစ်သည်။
သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ဂျေးနဲ့ဂျိတ်ခ်တို့ရဲ့ ဆက်တိုက်,တိုက်တွန်းနေမှုလည်းပါဝင်ပြီး သူကိုယ်တိုင်လည်းအတိတ်ကနေရုန်းထွက်ဖို့ကြိုးစားတော့မည်ဟုစိတ်ပိုင်းဖြတ်လိုက်ပြီမို့ နဂိုစီစဉ်ထားတဲ့အတိုင်းဂန်ဂျင်းမှာပဲဆက်နေဖြစ်သွားသည်။
ဆက်နေရင်ယန်းဂျောင်ဝန်းနဲ့မကင်းနိုင်ဘူးဆိုတာသိသော်ငြားလည်း ကိုယ့်ဘာသာရှောင်နေရင်ဖြစ်တာပဲဟူ၍တွေးပြီးနေဖြစ်လိုက်တာကို အခုတော့နောင်တရချင်သလိုလို။
ဆောင်းဟွန်းကလွယ်လွယ်နဲ့စိတ်တိုတတ်သူမဟုတ်။ အဲ့တာကြောင့်ပဲလားမသိ။ ယန်းဂျောင်ဝန်းကတောက်လျှောက်သူ့ဆီကတစ်ခုခုကိုမျှော်လင့်နေသလိုလိုက်စနေခဲ့တာ။ ဆောင်းဟွန်းဒေါသထွက်တာကိုမြင်ချင်နေတာမျိုးဖြစ်မည်။
" ဟော နှုတ်ဆက်နေရင်ပြန်ပြောရတယ်လေ။ ဆိုးလ်မြို့သားကြီးကဒါလေးတောင်မသိဘူးလား "
ကြုံရင်ကြုံသလို နာမ်စားအမျိုးမျိုးပေးပြီးသူ့ကိုခေါ်ချင်သလိုခေါ်နေတဲ့ဒီကောင်လေးက ဒီတစ်ခေါက်မှာလည်းဆိုးလ်မြို့သားကြီးလို့ခေါ်ပြန်ပါသည်။ ယန်းဂျောင်ဝန်းကနည်းနည်းလေးမှတည်တံ့မှုရှိမနေပါပေ။
" သိရက်နဲ့မသိချင်ယောင်ဆောင်တယ်ဆိုမှတော့ မပတ်သက်ချင်လို့ဆိုတဲ့သဘောတရားလို့နားလည်ပေးမလား ယန်းဂျောင်ဝန်း "
" ကြားရတာအဆင်မပြေလိုက်တာဗျာ။ ရင်းရင်းနှီးနှီးဂျောင်ဝန်းလို့ပဲခေါ်ပါ "
" နေပါစေ ရင်းရင်းနှီးနှီးမနေချင်တာမို့ "
စကားစဖြတ်လိုက်ပြီး သူကအရင်အိမ်ထဲဝင်ဖို့လုပ်လိုက်ပေမဲ့ အရှေ့ကနေကာဆီးလာတဲ့ကောင်လေးကြောင့်သက်ပြင်းတစ်ချက်ကိုသိသာစွာချလိုက်မိသည်။ ဘာလို့များသူ့ကိုအေးဆေးပေးမနေတာလဲမသိပါ။