Miu လှပတဲ့ငှက်မွှေးလေးဆိုသည့် အဓိပ္ပါယ်ဖြစ်သည်။ အခုတော့ သူမက ငှက်မွှေးလိုမျိုး ပေါ့ပါးစွာဖြင့် အခြားကမ္ဘာတစ်ခုကို ကူးပြောင်းလာမိပြီထင်သည်။
ဒီကမ္ဘာကို ကူးပြောင်းလာလာချင်းမှာ Miu ၏ ပထမဆုံးတုန့်ပြန်မှုက ကိစ္စတွေကို ဘေးခဏဖယ်ထားပြီး အရင်အိပ်ရေးဝအောင် အိပ်လိုက်ဖို့သာဖြစ်သည်။ ကူးပြောင်းလာပြီးလို့ ထိတ်လန့်နေရုံနဲ့တင် ချက်ချင်း မူလကမ္ဘာမြေကို ပြန်သွားနိုင်တဲ့ဝတ္ထုမျိုးမှ သူမ မဖတ်ဖူးတာ။ Miu က သူနာပြုတစ်ယောက်ဖြစ်ပြီး night shift ပြီးလို့ အိမ်ပြန်လာချိန်တွင် နှစ်ယောက်မရှိသည့် သူငယ်ချင်းကောင်းထံမှ ဖုန်းအဆက်အသွယ်ရခဲ့သည်။ မနက်စောစောစီးစီးတွင် ညဇီးကွက်ထံမှ ဖုန်းဝင်လာကတည်းက မူမမှန်တော့မှန်း သတိထားခဲ့မိသင့်သည်။
Miu၏ သူငယ်ချင်းကောင်းက အွန်လိုင်းစာရေးဆရာဖြစ်ပြီး အမြဲတမ်း ဆန်းသစ်သည့် အတွေးတွေနှင့် ပြည့်နှက်နေကာ အတက်ကြွလွန်နေသူဖြစ်သည်။ သူငယ်ချင်းနှစ်ယောက်တွင် တစ်ယောက်က လုံးဝမအိပ်ရသေးဘဲ နောက်တစ်ယောက်ကတော့ အခုမှ အိပ်ရာကနေ နိုးလာစဖြစ်ကာ သူမ၏ တစ်ရေးနိုးပေါ်လာသည့် စိတ်ကူးစိတ်သန်းတို့ကို Miu အား အိတ်သွန်ဖာမှောက်နှင့် အားတက်သရော ပြောပြနေသည်။
Miu က မီးပွိုင့်မိနေတုန်းကို အခွင့်ကောင်းယူကာ သူငယ်ချင်းကောင်း Nicky နှင့် ဖုန်းပြောသည့်မှတ်တမ်းကို recording ယူထားလိုက်သည်။ ပြီးလျှင်တော့ လေလှိုင်းထဲတွင်အဆုံးသတ်သွားသော Nicky၏လက်ရာဝတ္ထုများဆိုသည့် အယ်လ်ဘမ်ထဲတွင် ထည့်သိမ်းရလိမ့်မည်။
Nicky က အမြဲတမ်း လန်းဆန်းတက်ကြွနေပြီး ရေတွက်လို့မရနိုင်လောက်အောင် အသစ်အဆန်းစိတ်ကူးတွေ အမြဲရှိနေသူဖြစ်သည်။ အခုလည်း သူမ၏ နောက်ရေးမည့် ဝတ္ထုအကြောင်းကို Miu အား ဖုန်းထဲမှတစ်ဆင့် တရစပ်ရှင်းပြလို့နေ၏။
ထုံးစံအတိုင်း Miu က အကောင်းဆုံး နားထောင်သူဖြစ်သည်။ ချိုသည် ခါးသည် မဝေဖန်ဘဲ မျက်နှာပေါ်မှာ စိတ်မရှည်သည့်အမူအရာလေးတောင် စိုးစဉ်းမှမရှိပါဘဲ Nicky ပြောသမျှ တောင်ရောက် မြောက်ရောက် စကားတို့ကို ဒီတိုင်းလေး နားထောင်ပေးနေသည်။ Nicky က နောက်ရေးမယ့်ဝတ္ထုအသစ်လို့ ပြောနေပေမယ့် ဒီတစ်ပုဒ်လည်း အရင်ဟာတွေလိုမျိုးပဲ အဆုံးသတ်အထိ ရေးလိမ့်မည်မဟုတ်မှန်း Miu အတပ် သိနေသည်။

YOU ARE READING
Transmigrator is a little confused now
Romanceကူးပြောင်းလာပြီးတဲ့နောက်မှာ ဒီနေ့လည်း တစ်ခုခုက မူမမှန်နေပြန်ဘူး။ gl oc ပါ။ photo fully credit to the original owner.