part 10

49 11 0
                                    

      ဖုန်းမျက်နှာပြင်မှတစ်ဆင့် မြင်တွေ့နေရသည့် Airi ၏လောကတစ်ဘက်ခြမ်းကို ကြည့်ရင်း Miu သည် ဘာပြောရမလဲမသိဖြစ်သွားရသည်။ အလင်းမှိန်မှိန်အောက်က အမျိုးသမီးသည် စီးကရက်ကိုခဲထားရင်းမှ မျက်ဝန်းတို့ကလည်း မှေးကျဉ်းကာ လက်ထဲတွင်လည်း စာရွက်တစ်ချို့ကို ကိုင်လို့ထား၏။ အခန်းခုနစ်က အမှန်တရားကိုပဲ အမြဲ ပြောသလိုမျိုး လက်တွေ့ဘဝတွင်လည်း Airi  သည် အနားတွင် Miu မရှိသည့်အချိန်များတွင် ဤကဲ့သို့ ပျင်းရိစရာကောင်းသော စိတ်ပျက်ဖွယ်ဘဝကို ရှင်သန်လို့နေသည်။ နေ့လယ်ဘက်တွင် တွေ့ရသည့် နှစ်လိုဖွယ်ကောင်းသော Airi သည် ဟန်ဆောင်ထားသည့်မျက်နှာဖုံးတစ်ခုလိုမျိုး Miu ၏ရှေ့မှောက်၌ ကွာကျသွားတော့၏။
   
     ဖုန်းလက်ခံသည့်ခလုတ်ကို နှိပ်ပြီးနောက် Airi သည် အရေးမပါသည့် စာချုပ်အချို့ကို လှန်လှော၍ စစ်ဆေးကြည့်နေသည်။ အခန်းထဲတွင် မှိုနံ့လို အောက်သိုးသိုးအနံ့အသက်များကလည်း ရှိနေ၏။ တစ်ချက်ကြည့်ရုံနှင့်ပင် သည်နေရာသည် ဘယ်လိုကောင်းမွန်သည့်စိတ်ကူးစိတ်သန်းတို့ကိုမှ ထုတ်မပေးနိုင်ကြောင်း သေချာလို့နေသည်။ ဆံနွယ်များဆီမှ တစ်စက်တစ်စက် စီးကျလို့နေပါသည့် ရေစက်တွေက စက္ကူစာရွက်အား စိုစွတ်သွားစေသည်။ နီရဲနေသည့်မျက်သားတို့နှင့် Airi သည် စာချုပ်ပါ အကြောင်းအရာတို့ကို တစ်လုံးမှ အလွတ်မပေးဘဲ သေချာပိုက်စိပ်တိုက်ဖတ်လို့နေ၏။ အကျဉ်းချုပ်ကတော့ အဘိုးကြီး၏လောဘက အခုထိ အတောမသတ်နိုင်သေးပေ။

     တစ်ဖက်မှ သက်ပြင်းရှိုက်လိုက်သံခပ်သဲ့သဲ့ထွက်မလာခင်အချိန်အထိ Airi သည် သူမ ဖုန်းခေါ်ဆိုထားကြောင်း သတိမရသေးသလို ထိုခေါ်ဆိုမှုမှာလည်း ရုပ်မြင်အသံပါကြားရသည့် ဗီဒီယိုကောလ်ဖြစ်နေမှန်း သတ်ိမထားမိသေးပေ။ လှည့်ကြည့်လိုက်ချိန်တွင်တော့ Miu က သူမကို မယုံနိုင်သည့်မျက်ဝန်းတစ်စုံဖြင့် ကြောင်ကြည့်နေကြောင်း တွေ့လိုက်ရကာ Airi သည် အံ့ဩဖို့ပင်အချိန်မရဘဲ ချက်ချင်းဆိုသလို စီးကရက်ကို ပြာခွက်ပေါ်တွင်ဖိကာ မီးငြှိမ်းသက်လိုက်၏။ ထို့နောက် အခန်းအတွင်းမှ မွှန်ထူနေသည့်ဆေးလိပ်အနံ့ကို ပျောက်သွားစေရန် ပြတင်းတံခါးကိုပါ ဖွင့်ပြီး လေဝင်လေထွက်ကောင်းစေသည်။ ကျင့်သားရနေသလိုမျိုး အပြုအမူတစ်ခုချင်းစီကို Airi က ချောချောမွေ့မွေ့လုပ်ဆောင်သွားသည်။ စီးကရက်အနံ့က Miu ကို အနှောင့်အယှက်ပေးမှာကိုသာ စိုးရိမ်လို့နေပြီး Miu က သူမနှင့်အတူ ဒီအခန်းထဲတွင်ရှိနေကာ လေထုတစ်ခုတည်းကို ဝေမျှနေခြင်းမဟုတ်ကြောင်းကိုတော့ မေ့လို့နေသည်။ တကယ်တော့ Airi သည် သူမ၏ ဤကဲ့သို့သောတစ်ဖက်ခြမ်းကို Miu ထံတွင် ဖော်ထုတ်ခံလိုက်ရ၍ ပျာယာခတ်နေခြင်းဖြစ်သည်။

Transmigrator is a little confused now Where stories live. Discover now