Nicky ၏ဝတ္ထုတွေထဲ၌ ဘာကိုဆိုလိုချင်မှန်းမသိရပါသော အစအဆုံးရှုပ်ထွေးလွန်းသည့်ဝတ္ထုတစ်အုပ်ရှိဖူးသည်။ Plastic mist ဆိုသည့်အမည်နှင့်ဖြစ်ပြီး စာမျက်နှာပေါင်းများစွာဖတ်ပြီးနောက် အဆုံးတွင် မရေရာမသေချာမှုတွေနှင့် ဆက်ရန်ဆိုသည့်စာလုံးကို ငေးမောကြည့်နေမိသည်အထိပင်။
အလွှာတစ်ထပ်ဖုံးနေပြီး မလွယ်ကူမှုတွေနှင့် စိတ်မွန်းကြပ်စရာတွေကသာ ဇာတ်ကြောင်းတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ ဇာတ်ကောင်တွေအကုန်လုံးက အမည်ပင်မရှိဘဲ နေ့စဉ်အဖြစ်အပျက်တွေ စကားပြောတွေဖြင့် ပုံဖော်လို့ထားသည်။ ဒီစာကိုရေးစဉ်က Nicky ဘာတွေများတွေးနေသလဲပင် သိချင်သွားရသည်အထိပင်။
ထိုဇာတ်လမ်းတွင် Nicky က နယ်မြို့လေးတစ်ခုမှ အိမ်ထောင်သည်အမျိုးသမီးဇာတ်ကောင်ကို ဗဟိုပြုထားသည်။ အိမ်တွင်းအကြမ်းဖက်ခံရပြီး အခြားအားကိုးစရာလည်းမရှိသော အမျိုးသမီးသည် ဘုရားကျောင်းငယ်လေးဆီ ရောက်လာတော့သည်။ အပြစ်တွေကိုဝန်ချတောင်းပန်ပြီး ဝန်ခံဖို့ကျ သူမကိုယ်တိုင်လည်း ဘယ်လိုပြစ်မှုမျိုးကိုမှ မကျူးလွန်ထားလေရာ နောက်ဆုံးတွင် သူမ၏ဦးတည်ရာက ဘုရားကျောင်းအနောက်မှ တောအုပ်လေးဖြစ်သွားခဲ့သည်။ တောအုပ်လေးထဲက သက်ရှိကတော့ သူမ၏အကြောက်တရားနှင့် ကံဆိုးမှုတို့ကို ဝေဖန်ခြင်းအလျဉ်းမရှိဘဲ နားထောင်ပေးလေရာ အမျိုးသမီးသည်လည်း ထိုတောအုပ်သို့ မကြာခဏလာရောက်ဖြစ်တော့သည်။ အဆုံးတွင်တော့ တောအုပ်ထဲမှသက်ရှိက အမှန်တကယ်ရောရှိရဲ့လား အမျိုးသမီးဖန်တီးထားသည့်ပုံရိပ်ယောင်ပဲလား မကွဲပြားတော့ပေ။
အပြစ်သားတွေစုနေသော မြို့အစွန်မှ အမျိုးသမီး၏နေအိမ်လေးက တစ်နေ့၌ ရုတ်တရက် မီးလောင်ပြာကျသွားပြီး ဇာတ်လမ်းကလည်း ထိုနေရာတွင် တစ်ခန်းရပ်သွားခဲ့သည်။ ဝတ္ထု၏ထိုအပိုင်းကိုရေးအပြီးတွင် Nicky ၏လက်တည့်သလို ဝတ္ထုအသစ်ရေးတတ်သည့်အကျင့်သည်လည်း အတော်လေး ငြိမ်သွားခဲ့သည်။ သူမ မှတ်မိသလောက်ဆိုလျှင် ခြောက်လလောက်ပင် Nicky တစ်ယောက် ဘာကိုမှ အသစ်မရေးတော့တာဖြစ်သည်။ plastic mist က ထိုကဲ့သို့တန်းလန်းချန်ထားခံရဦးမည်မှန်း ကြိုသိနေပြီးသား Miu အတွက်ကတော့ သိပ်ပြီးမထူဆန်းခဲ့ပေ။ သို့တိုင်အောင် Nicky အပေါ်သို့ ထိုမျှ သက်ရောက်မှုရှိလိမ့်မည်ဟုတော့ မမျှော်လင့်ထားမိပေ။

YOU ARE READING
Transmigrator is a little confused now
Romanceကူးပြောင်းလာပြီးတဲ့နောက်မှာ ဒီနေ့လည်း တစ်ခုခုက မူမမှန်နေပြန်ဘူး။ gl oc ပါ။ photo fully credit to the original owner.