part 6

47 13 0
                                    

     Airi က မီးဖိုချောင်ထဲတွင် အေပရွန်ကို ဝတ်ထားပြီး လက်တစ်ဖက်နှင့် ပြောင်းဖူးကိုကိုင်ကာ ဓားဖြင့် လှီးနေသည်။ သူက Miu လို စိတ်မရှည်တာကြောင့် ပြောင်းဖူးတစ်စေ့ချင်း ချွေဖို့ မဖြစ်နိုင်ပါ။ ထို့နောက် ဆန်ကို ရေ‌ဖြင့်သေချာဆေးသည်။ ပြီးရင်တော့ မြေအိုးလေးထဲ ဆန်ကိုအောက်ထဲမှာထည့်ကာ အပေါ်ကနေ ခုနက လှီးထားသည့်ပြောင်းဖူးတွေကို တင်သည်။ ပြောင်းဖူးရိုးကိုလည်း သုံးပိုင်းပိုင်းကာ ထည့်လိုက်ပြီးနောက် မြေအိုးအဖုံးကို ပိတ်ကာ မီးဖိုပေါ်တင်လိုက်၏။

     နောက်တစ်ဆင့်အနေနှင့် ပြောင်းဖူးထမင်းကျက်မည့်အချိန်ကို စောင့်ရမည်။ ပြောင်းဖူးထမင်းကျက်ရန်စောင့်ရမည့်အချိန်က ပြောင်းဖူးထမင်းကြိုက်တတ်သူ ပြန်အလာကို စောင့်ရသည်ထက်တော့ မကြာရှည်ပါ။ ပြီးလျှင်တော့ အပေါ်ဆုံးမှ ပြောင်းဖူးရိုးတွေကို ဖယ်ထုတ်လိုက်ကာ ထမင်းနှင့်ပြောင်းဖူးစေ့တွေ ရောသွားအောင် အပေါ်အောက် နှံ့နှံ့စပ်စပ်မွှေပေးလိုက်လျှင် အရသာရှိသော ပြောင်းဖူးထမင်းကို စားလို့ရပြီဖြစ်သည်။

    အိမ်လေးထဲတွင် သူတစ်ယောက်တည်းရှိသော်လည်း ထမင်းစားပွဲပေါ်တွင် ထမင်းနှစ်ပန်းကန် ပြင်ဆင်တည်ခင်းနေသည့် Airi ကို ကြည့်ရင်း Miu မှာ ရူးချင်လာရသည်။ ဒီရက်တွေအတွင်းမှာ Miu သည် ဝိညာဉ်လိုအနေအထားနှင့် Airi ကို စောင့်ကြည့်နေခဲ့ရသည်။ မနေ့ကဆို ညစာအတွက် ကြက်ဥထမင်းလိပ်လုပ်နေသည့် Airi ကို တွေ့ခဲ့ရပြီး တစ်နေ့ကတော့ ဝက်နံရိုးအချိုချက် ချက်ကာ လက်စွမ်းပြခဲ့သည်။ ထိုဟင်းတွေအကုန်လုံးက သူ့အကြိုက်တွေချည်းပဲဆိုတာကို Miu ဝန်ခံပါသည်။

    Airi ၏ မျက်နှာချင်းဆိုင်ရှေ့မှ ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး Miu သည် Airi ပြောမည့်စကားတွေကို နားထောင်ရန် အသင့်ဖြစ်လို့နေသည်။ နေ့စဉ်နေ့တိုင်း Airi သည် ထိုကဲ့သို့ စကားအခွန်းအနည်းငယ်ပြောကာ သူမ၏စိတ်ကို ခံစားချက်မျိုးစုံ ဖုံးလွှမ်းသွားစေသည်။

   "တကယ်တော့ ‌ကိုယ်ပြောင်းဖူးထမင်းစားရတာကို သိပ်မကြိုက်ဘူး။"

    Airi က ဇွန်းဖြင့် ထမင်းပန်းကန်ကို ဟိုဆွဒီဆွလုပ်ပြီးနောက် ပြောင်းဖူးထမင်းတစ်လုပ် စားလိုက်သည်။ Airi ၏မျက်လုံးတွေက သူ့အရှေ့မှ ထိုင်ခုံအလွတ်ကို ချစ်မြတ်နိုးမှုအပြည့်ဖြင့် စိုက်ကြည့်လို့နေသည်။

Transmigrator is a little confused now Where stories live. Discover now