part 2

108 20 0
                                    

       ချစ်မြတ်နိုးမှုဆိုသည့် အဓိပ္ပါယ်နှင့် Airi က ဇာတ်လိုက်အမျိုးသမီး၏ အမည်နာမဖြစ်သည်။ Airi Airi Airi ဆိုသည့် အမည်ကို သီချင်းညည်းသလို နှုတ်ဖျားကနေ ထပ်ခါ ထပ်ခါ ရေရွတ်နေရင်း Miu သည် ဇာတ်လိုက် အစွန့်ပစ်ခံရသည့် ဇာတ်ကြောင်းကို ပြန်တွေးနေမိသည်။

      Airi က ငယ်စဉ်ကတည်းက ချစ်ခြင်းမေတ္တာကို မခံစားဖူးခဲ့ပေ။ ဖန်တရာတေနေသည့် ဇာတ်လမ်းတွေထဲကလိုမျိုး သူမက မြို့တော်ရှိ ဂုဏ်သတင်းကြီးမားလှသော မိသားစု၏ တရားမဝင်သမီးဖြစ်နေသည်။ အစပိုင်းတွင် Airi ၏ဘဝမှာ ခက်ခဲကြမ်းတမ်းလွန်းခဲ့ပြီး Miu ပင်လျှင် Nicky က သူမဆီကနေ မျက်ရည်တွေ ညှစ်ယူချင်နေသည်ဟု ခံစားခဲ့ရသေးသည်။

     တရားမဝင်သမီးဖြစ်တာကြောင့်ပဲ ဘဝက အဲ့လောက်ခါးသီးဖို့လိုသလားမေးတော့ Nicky က ရယ်သည်။ သူက ဇာတ်လမ်းကို ရေးတဲ့လူပေမယ့် Airi ရဲ့ မလှပတဲ့ ကံကြမ္မာကို ပြင်ပေးဖို့ မတတ်နိုင်ပါဘူးတဲ့။

     "ဘာလို့လဲ။"

      "ဘာကိုလဲ။"

      "ဘာလို့ ပိုကောင်းတဲ့ဘဝကို ပေးလို့မရတာလဲ။"

      Nicky က Miu ၏အမေးကို ကလေးဆန်လိုက်တာလို့ မှတ်ချက်ပေးပြီး ရယ်သည်။

      "ပိုကောင်းတဲ့ဘဝဆိုတာ သူများက လာပေးလို့မရမှန်း သူသိနေလို့ ဒါမှမဟုတ် ငါသိနေလို့ပေါ့။"

     Nicky က ထုံးစံအတိုင်း ပဟေဠိဆန်ချင်နေဆဲပင်။ ပြောရရင် Nicky နှင့် Miu က ငယ်သူငယ်ချင်းတွေမဟုတ်သလို အထက်တန်းအတန်းဖော်တွေလည်း မဟုတ်ကြပါ။ လွန်ခဲ့သည့်ငါးနှစ်က Miu သူနာပြုအဖြစ် ပထမဆုံး အလုပ်ဝင်ချိန်တွင်မှ Nicky နှင့် ဆုံခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းမှာတော့ သဘာဝကျကျနှင့် သူတို့နှစ်ယောက် သူငယ်ချင်းဖြစ်လာခဲ့သည်။ အခုချိန်မှာတော့ အကောင်းဆုံးသူငယ်ချင်းတွေပေါ့။

     ဖုန်းမြည်သံက Miu ကို အတွေးရပ်သွားစေသည်။ ဒီအချစ်သီချင်းက Miu အထက်တန်းတုန်းက အရမ်းကြိုက်ခဲ့ရသည့် သီချင်းဖြစ်ပြီး ဖုန်း ringtone အဖြစ်ထားခဲ့ဖူးသည်။ မထင်မှတ်ပဲ မူလကိုယ်နှင့် သူမတွင် တူညီသည့်အကြိုက်ပါ ရှိနေပြန်သည်။ ဘွဲ့ရပြီးချိန်အထိ အချစ်ကိုရှာမတွေ့ခဲ့တာကြောင့် Miu လည်း ထိုသီချင်းကို ငြီးငွေ့လာကာ ringtone အဖြစ်ကနေ alarm အဖြစ်ပြောင်းထားလိုက်တော့သည်။ အိပ်နေစဉ် နှောင့်ယှက်ခံရတာကြောင့် သိပ်မကြာခင်မှာပဲ ထိုသီချင်းကို မုန်းသွားကာ သီချင်းသည်လည်း Miu ဘဝထဲမှ တဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်။ အခုတော့ ထိုသီချင်းကို သူမမဟုတ်ဘဲ မူလပိုင်ရှင်၏ ဖုန်း ringtone အဖြစ် တစ်ဖန်ပြန်ကြားလိုက်ရသည်။

Transmigrator is a little confused now Where stories live. Discover now