3

339 50 9
                                    

* တီ တီ တီ *

ခေါင်းရင်းကနေ ဆူညံနေတဲ့ နှိုးစက်သံကြောင့် ဂျောင်ဆူး နားကို စောင်နဲ့အုပ်ကာ တစ်ဖက်စောင်းအိပ်လိုက်သည်။ ပြန်အိပ်ပျော်ခါနီးမှာပဲ နှစ်ဆပိုပြီးကျယ်လာတဲ့ အသံကြောင့် အိပ်ယာကနေ ထထိုင်ကာ နှိုးစက်တင်သည့် ကုတင်ဘောင်ပေါ် လက်လှမ်းလိုက်သည်။ ကုတင်ဘောင် အစအဆုံး လက်ကလေးနဲ့စမ်းပြီးသည်အထိ နှိုးစက်ကိုရှာမတွေ့ဘဲ နှိုးစက်သံကမြည်နေဆဲဖြစ်သည်။ အိပ်ယာပေါ် ငုတ်တုတ်ထထိုင်ကာ မျက်စိကို လက်နှစ်ဖက်နဲ့ ဆွဲဖြဲပြီး ရှာကြည့်မှ ခေါင်းရင်း နံရံက သံမှာ အိတ်နဲ့ထည့်ပြီး ချိတ်ထားမိတာသတိရသည်။ ရည်ရွယ်ချက်ကတော့ နှိုးစက် ထ ဖြုတ်ရင်း တကယ်အိပ်ယာက ထ ဖြစ်ပါစေပေါ့။ အခုတော့ မအိပ်ခင် ဉာဏ်ကောင်းခဲ့တဲ့ ကိုယ့်ကိုယ်ကိုပဲ စိတ်ထဲကကျိန်ဆဲရင်း နှိုးစက်ကို ထ ပိတ်လိုက်သည်။ နိုးသွားမှတော့ မထူးဇာတ်ခင်းကာ မျက်နှာသစ်သွားတိုက်ပြီး စာကြည့်စားပွဲမှာစိတ်မပါ လက်မပါ ထိုင်ချလိုက်သည်။စာကျက်ဖို့ စာအုပ်ဖွင့်ပြီး စားပွဲပေါ်လက်ထောက်ကာ ပြတင်းပေါက်ကိုငေးနေရင်း မြင်ကွင်းထဲဝင်လာတဲ့ ဟိုအရှည်ကောင်။ စောစောစီးစီး အပြေးလေ့ကျင့်ပြီး ပြန်လာတဲ့ကောင်က အိမ်ရှေ့မှာရပ်ကာ အကြောလျှော့နေရာမှ ဂျောင်ဆူးအခန်းဘက်ကို လှမ်းကြည့်တော့ စာအုပ်နဲ့မျက်နှာကို ကာလိုက်သည်။

"စောစောစီးစီး အဲ့ကောင်နဲ့ မျက်လုံးချင်းမဆုံချင်ပါဘူး"

ဂျောင်ဆူးတစ်ယောက်တည်း ပွစိပွစိပြောပြီးခဏ စာအုပ်ပြန်ဖယ်လိုက်ချိန်တွင် သူ့မြင်ကွင်းထဲ ချန်းယောလ်ရှိမနေတော့။

ဂျောင်ဆူး အိမ်က ထွက်လာပေမဲ့ မျက်လုံးက မပွင့်ချင် ပွင့်ချင်ဖြစ်လို့နေသည်။ စောစောစီးစီး စာထကျက်တာကလည်း အိပ်ရေးပျက်တာသာအဖတ်တင်သွားပြီး ဘာစာမှလည်း မယ်မယ်ရရ တိုးပြီးမှတ်မိလာတာမျိုးမရှိ။ ဒီလိုနဲ့ ဂျောင်ဆူးလေးတော့ ဒီလလည်းဟိုကောင့်အဆင့်နောက် ရောက်နေတော့မှာ သေချာသလောက်ဖြစ်နေပြန်ပါပြီ။

*ကလင် ကလင်*

"မာမားရေ..."

နောက်ကနေ ထွက်လာတဲ့ စက်ဘီးဘဲလ်သံကြောင့် ဂျောင်ဆူးလန့်သွားပြီး လမ်းဘေးကို လဲကျသွားသည်။ ရှင်းလင်းနေတဲ့ လူသွားလမ်းမို့သာ တော်တော့သည်။ နာသွားတဲ့ တင်ပါးလေးကို ပွတ်ရင်း စက်ဘီးပိုင်ရှင်ကို ရန်တွေ့ရန် ကြည့်လိုက်တော့ ဟို ထောင့်မကျိုးတဲ့ ပတ်ချန်းယောလ်ပင်ဖြစ်နေပြန်သည်။

Sweet & SourWhere stories live. Discover now