12

225 46 2
                                    

မြို့အစွန်က အပန်းဖြေစခန်းရဲ့ အရုဏ်တက်ချိန်က အေးလွန်းသောကြောင့် ဂျောင်ဆူး နိုးလာသည်။ အေးရင် ပိုအိပ်တတ်တဲ့အကျင့်ရှိပေမဲ့ ထိုအကျင့်နဲ့အတူ ခွဲလို့မရတဲ့ ဆီးခဏခဏသွားခြင်းကပါ ကပ်ပါလာသောကြောင့် အိမ်သာသွားရန် နိုးလာခဲ့ရသည်။ နိုးနိုးချင်းကတော့ ဆီးအရမ်းသွားချင်နေလို့ ခေါင်းထဲဘာအတွေးမှမရှိဘဲ အိမ်သာကိုတန်းပြေးသွားခဲ့ပြီး ကိစ္စပြီးလို့ပြန်လာချိန်တွင်တော့ သူ့အိပ်ယာဘေးမှာ ရှိနေသည့် ပတ်ချန်းယောလ်ကိုမြင်ပြီး လူက ကတုန်ကယင်ဖြစ်လာသည်။

ညတုန်းက ဒီကောင့်ပေါင်ပေါ်တက်ထိုင်ပြီးတောင် ငိုလိုက်မိသေးတာပဲ။ ဒိုဂျောင်ဆူးတို့ရူးသွားတာနေမယ်။ ငိုရင်းတန်းလန်း သူ့ကိုယ်ပေါ်ရောက်နေတာသတိထားမိတော့ ဘယ်လိုမျက်နှာနဲ့ပြန်ဆင်းရမှန်းမသိလို့ ငြိမ်နေရင်း အိပ်တောင်ပျော်သွားသေးသည်။ တွေးကြည့်လေ ရှက်စရာကောင်းလေပဲ။ ဒီကောင် နိုးလာရင် သူ့ကို စ တော့မှာ။တစ်နေကုန် ဒီကောင်နဲ့ မျက်နှာချင်းမဆိုင်မိအောင်နေရမည်။ ခြေသံဖွဖွလေးနဲ့ အိပ်ယာပေါ် အသာအယာတက်ပြီး ပတ်ချန်းယောလ်နဲ့ ဝေးအောင် နံရံဘက် ပိုကပ်လျက် စောင်ကို ခေါင်းပါ ခြုံလိုက်သည်။ ဒီနေ့အတွက် ဂျောင်ဆူးလေးရဲ့ အထူးမစ်ရှင်က ပတ်ချန်းယောလ်နဲ့ မတွေ့အောင် ရှောင်ရန်ဖြစ်သည်။

"ဂျောင်ဆူး....ဂျောင်ဆူး ထ တော့လေ
မနက်စာစားဖို့သွားကြတော့မှာ"

"အင်း မာမားရယ် ခဏလေးထပ်အိပ်ဦးမယ် နော်"

"ဂျောင်ဆူး...မင်းအိမ်မှာမဟုတ်ဘူးလေ
ထတော့ နောက်ကျရင် စားစရာကုန်သွားလိမ့်မယ်"

"ဟင်..."

စားစရာအသံကြားတာနဲ့ ချက်ချင်းမျက်လုံးဖွင့်လိုက်တဲ့ ဂျောင်ဆူးက သူ့အပေါ်ကနေ ငုံ့ပြီးကြည့်နေတဲ့ ချန်းယောလ်ကိုမြင်တော့ သွေးတက်ချင်သွားသည်။ တစ်နေကုန်ရှောင်ရပါမယ်ဆို စောစောကတည်းက တိုးနေပြီ။ မျက်နှာသစ်ပြီးပြီးချင်း ဆံစတွေမှာရေအနည်းငယ်စိုနေတဲ့ ပတ်ချန်းယောလ်ပုံစံက ကြည့်လို့တော့ ကောင်းသားပဲ။

"ထတော့လေ မြန်မြန်သွားတိုက်တော့"

ဂျောင်ဆူးကို ပခုံးကနေ ဆွဲမကာ လက်ထဲကို သွားတိုက်တံထည့်ပေးရင်းပြောသောကြောင့် ဂျောင်ဆူးက ခေါင်းလေးသာငြိမ့်ပြပြီး ရေချိုးခန်းဘက် အမြန်ပြေးရသည်။ ရေချိုးခန်းအပြင်ဘက် ဘေစင်မှာ မျက်နှာသစ်နေသည့် မင်ဂူနဲ့အီထယ်က ဂျောင်ဆူးကို လှမ်းခေါ်သောကြောင့် သူတို့နားသွားပြီး မျက်နှာသစ် သွားတိုက်တာကို အတူတူလုပ်လိုက်သည်။ အဆောင်ထဲ ပြန်ဝင်လာကြသည့်အချိန်တွင်တော့ သူတို့နေနရာနားမှာ ပတ်ချန်းယောလ်ရှိမနေတော့။ စားဖို့သောက်ဖို့ စီစဉ်တဲ့ဆီကိုသွားနှင့်ပြီထင်သည်။

Sweet & SourWhere stories live. Discover now