11

208 41 2
                                    

ချန်းယောလ်နင်းလာတဲ့ စက်ဘီးလေးက ပုံမှန်ထက် အနည်းငယ်ပိုမြန်တဲ့အရှိန်နဲ့ နေကြာခင်းဆီ ဦးတည်လို့နေသည်။ ချန်းယောလ်ရဲ့အကြံက အစ်မ လီလီကို နေကြာခင်းဆီ ပို့ပေးခဲ့ပြီး ဂျောင်ဆူးကို ပြန်သွားခေါ်ရန်ဖြစ်သည်။ အစ်မ လီလီလည်း သူငယ်ချင်းတွေနဲ့ဓာတ်ပုံရိုက်ဦးမှာဆိုတော့ အဲ့ဒီအချိန် ဂျောင်ဆူးကို ပြန်သွားခေါ်ပြီး နေကြာခင်းဆီ လိုက်ပို့မည်။ အပြန်ကျရင်တော့ ဂျောင်ဆူးကို အရင်ပြန်ပို့ပြီးမှ အစ်မလီလီကို ပြန်သွားကြိုပေးမည်။ အစ်မလီလီက သူငယ်ချင်းတွေအများကြီးမို့ နေကြာခင်းနားမှာ ခဏစောင့်ခိုင်းဖို့ စိတ်ချရသော်လည်း ဂျောင်ဆူးကို တစ်ယောက်တည်းစောင့်ခိုင်းထားခဲ့ဖို့တော့ ချန်းယောလ်က စိတ်မချပါ။ တစ်ယောက်တည်းရှိတဲ့ အသည်းနှလုံးလေး မတော်တဆဆိုတာမျိုး တစ်ခုခုဖြစ်သွားမှဖြင့် သူတစ်သက်လုံးရင်ကျိုးရလိမ့်မည်။

"အစ်မ လီလီ ကျွန်တော်နည်းနည်းမြန်မြန်နင်းမယ်နော် နောက်ကျသွားမှာစိုးလို့"

ချန်းယောလ်က အနောက်ကိုအနည်းငယ်စောင်းငဲ့ကာပြောသော်လည်း အစ်မလီလီဆီက စကားပြန်မလာပါ။ ထိုအစား သူ့ခါးပေါ်ကို ရောက်လာတဲ့ လက်နှစ်ဖက်ကြောင့် ခန္ဓာကိုယ်က အနည်းငယ်တောင့်သွားရသည်။ အစ်မလီလီက သူ့ကုတ်အင်္ကျီကိုဝတ်ထားသောကြောင့် အင်္ကျီလက်နှစ်ဖက်က လက်ဖျားတွေအထိ ဖုံးနေသည်။ သူ့ခါးပေါ်မှာရှိနေသော လက်နှစ်ဖက်ကို ငုံ့ကြည့်ရင်း ဂျောင်ဆူးရဲ့ လက်ကလေးတွေ အနွေးထည်လက်အောက်ထိမြုပ်ဝင်နေတာကိုသတိရမိသည်။

"ကျွန်တော်အမြန်နင်းတာ အဆင်မပြေလို့လား
ဒါဆို အရှိန်လျော့လိုက်မယ်နော်"

သူ့ခါးပေါ်က လက်တွေဖယ်သွားမလားဆိုတဲ့စိတ်နဲ့ အရှိန်လျော့သော်လည်း ခါးပေါ်ကလက်တွေက ပိုတင်းလာတဲ့အပြင် သူ့ကျောပေါ်သို့ မှီကျလာသည့်ခန္ဓာကိုယ်ကြောင့် သူအနေရကျပ်လာသည်။ လမ်းတစ်လျှောက်မှာလည်း အခြားကျောင်းသားတွေရှိနေသောကြောင့် သူများတစ်မျိုးထင်မှာစိုးရသည်လေ။ တခြားသူဘယ်လိုထင်ထင် သူဂရုမစိုက်ပေမဲ့ ဒီသတင်းတွေသာ ဂျောင်ဆူးသိသွားရင် သူမတွေးရဲဘူး။

Sweet & SourWhere stories live. Discover now