"အန်တီနွဲ့ ကျွန်တော်ဘာကူချက်ရမလဲ...''
ခြယ်က မိုင်းအမေကို ကူညီရန် မီးဖိုချောင်ထဲသို့ဝင်သွားသည်။
"အို...ရပါတယ် သားရာယ် မီးဖိုချောင်အလုပ် ယောကျာ်းလေးကဘယ်လိုလုပ် လုပ်တတ်မလဲ သားနေတတ်သလိုနေပါကွယ် အန်တီနွဲ့လုပ်လိုက်မယ်...''
"မဟုတ်တာ အန်တီနွဲ့ကလည်း ကျွန်တော်အိမ်မှုကိစ္စကျွမ်းကျင်ပါတယ်...''
ကျွမ်းကျင်ဆို ဒေါ်ထိပ်ထားချိုတို့သားမိ ကျေးဇူးတွေကိုး။
ဒေါ်နွဲ့နွဲ့ခင်က မယုံသလိုလေးချစ်စနိုးဖြင့်လှည့်ကြည့်ကာ
"ကဲပါ ရေးရာယ် အန်တီနွဲ့ ကိုယ်ဘာသာချက်လိုက်ပါ့မယ် တော်ကြာ သားသူငယ်ချင်းကသိလို့ အန်တီနွဲ့က ခိုင်းတယ်ဆိုပြီးဆူနေပါဦးမယ်...အယ် သိလား ရေးကို ပြောရဦးမယ် မိုင်းကလေ သူငယ်ချင်းအပေါင်းအသင်းသာရှိတာ ရေး လောက်ဘယ်သူ့ကိုခင်တွယ်တာမမြင်ဖူးဘူး အန်တီနွဲ့လဲ မိုင်းအပေါင်းအသင်းမက်တာ ခုမှတွေ့ဖူးတော့တယ် ဟင်း ဟင်း''
ဒေါ်နွဲ့နွဲ့ခင်က ပန်းကန်တွေဆေးကျောရင်း ရယ်ရယ်မောမော ပြောနေသော်လည်း နားထောင်နေသည့် ခြယ်က မျက်နှာတစ်ခုလုံးရဲနေပေပြီ။ တကယ်ဆိုသူမက မိန်းကလေး။ မိုင်း ခင်တာမင်တာတွေက ယောကျာ်းလေးဆိုတဲ့အသိနဲ့မဟုတ်လား။ ဒီလိုအပေါင်းအသင်းမက်တာ ခြယ်နဲ့မှတွေ့ဖူးတယ် ပြောနေသည့် အန်တီနွဲ့ရဲ့ စကားကြောင့် နေရင်းထိုင်ရင်းမျက်နှာပူနေမိသည်။
"ကျွန်တော်က အလုပ်မရှိရင်မနေတတ်လို့ပါ ''မျက်နှာပူတာနှင့် ရှိတဲ့အလုပ်လေးကို အာရုံပြောင်းသည့်အနေဖြင့်ကူလုပ်ရန်ပြင်လိုက်သည်။
ဒီလိုနှင့်တားမရသည့် အဆုံး ဒေါ်နွဲ့နွဲ့ခင်လည်း ဝိုင်းကူပြီးလုပ်ကိုင်ခွင့်သာပြုလိုက်ရတော့သည်။
"ဟ.....ဒီနေ့ထမင်းဝိုင်းကစုံလို့ပါလား''
"ဟုတ်ပါ့...''
"အဲ့ဒါ ဟောဒီက ရေး ရဲ့လက်ရာတွေလေ...''ဒေါ်နွဲ့နွဲ့ခင်က မိုင်းဘေးတွင် ထိုင်နေသော ရေးကို မေးငေါ့ပြလေသည်။
"ဟာ ရေး မင်းက ဒီလိုတွေလဲလုပ်တတ်တာလား''
"နည်းနည်းပါးပါးပါ...''
"နည်းနည်းပါးပါး ဟုတ်မလားသားရာယ် ထမင်းဟင်းချက်များမိန်းကလေးကျနေတာပဲ သေသေသပ်သပ်နဲ့ပိုင်ပိုင်နိုင်နိုင်ချက်သွားတာ...''
ဒေါ်နွဲ့နွဲ့ခင်က အံသြသည့်လေသံလေးဖြင့် ချီးကျုးလေသည်။
"မင်းကတော့လေ ယောကျာ်းလေးတောင်မှ ထမင်းဟင်းချက်ကူခိုင်းနေတယ် သူ့ဘာသာ အေးအေးသာသာမနေခိုင်းဘူး..''
"ဟုတ်သားပဲ မာမီကလည်း ကိုယ့်အိမ်မှာတည်းတဲ့ဧည့်သည်ကို''
"အန်နီနွဲ့ခိုင်းတာမဟုတ်ပါဘူး ကျွန်တော်က အလုပ်မရှိရင်မနေတတ်လို့ပါ..''
"သားရေ အန်တီနွဲ့မပြောဘူးလား သားခုလိုတွေလုပ်ရင်အန်တီနွဲ့အပြောခံရလိမ့်မယ်လို့''
"မင်းကတော့ပြောတော့မယ်..''
"ကျွန်တော်လက်ရာလေးမြည်းပေးပါဦး ဘာလိုနေမလဲလို့...''
"အင်း ဘာမှမလိုဘူး နွဲ့ရေ မင်းထက်ဆရာကျတယ်ကွ ဟား ဟား''
ဦးမြင့်မောင်က ဟင်းမြည်းကြည့်ကာ ခံတွင်းတွေ့နေတော့သည်။
မိုင်းလဲ အရသာမြည်းကြည့်ပြီး ခေါင်းတငြိမ့်ငြိမ့်နှင့်
"မင်းကတော်သားပဲ...''
အားလုံးက ရယ်ရယ်မောမောပြုံးပြုံးရွှင်ရွှင်နှင့် စိုပြေလှသည့်ထမင်းဝိုင်းလေးက ကြည်နူးစရာပင်။ ခြယ့်ဘဝမှာ ဒီလိုမိသားစုထမင်းဝိုင်းလေး မရှိတော့တာကြာခဲ့ပြီမို့။ ခြယ်အခုလိုအခိုက်အတန့်လေးကို ကြည်နူးမိသည်။
"သားလေးရောက်လာတာ ကျွန်မတို့မိသားစုအတွက် ဆုလာဘ်တစ်ခုလိုပဲရှင်''
ဒေါ်နွဲ့နွဲ့ခင်က ကြည်နူးပီတိဖြာနေသည့် အပြုံးများဖြင့်ပြောလေတော့ အားလုံးက ခေါင်းငြိမ့်ထောက်ခံသည်။
"ရေး ရောက်လာတာ အမေချွေးမတစ်ယောက်ရလိုက်သလိုပဲ....''
"အဟွတ် အဟွတ်..''
ဟင်းချိုခပ်သောက်နေသည့် ခြယ်က သီးသွားရသည်။
မိုင်းက ဇွန်းတွေဘာတွေလွတ်ကျကုန်သည်။
"ဟာ မာမီကတော့ ဘာတွေလျှောက်ပြောနေတာလဲမသိဘူး''
မာမီ့ရဲ့စကားကြောင့် မိုင်းမနေတတ်မထိုင်တတ်ဖြစ်သွားရသည်။ ရေးကိုကြည့်လိုက်တော့ မျက်နှာတစ်ခုလုံးနီရဲလို့နေသည်။
"ဟား ဟား ဟား နွဲ့ မင်းကတော့လေ ပြောလိုက်ရင်အဆန်းချည်းပဲ ကောင်လေးကို မနေတတ်မထိုင်တတ်ဖြစ်အောင် ဟား ဟား''
မနေတတ်မထိုင်တတ်ဖြစ်မယ်ဆိုပြီးတားနေတဲ့သူက သဘောတကျရယ်နေလေတော့ မိုင်းလဲရှက်လာသည်။
"ဟော် ကျွန်မကသဘောအဖြစ်ပြောတာပါ ကလေးနှစ်ယောက် မင်းတို့မျက်နှာတွေလဲ ပန်းကန်ကပ်နေဦးမယ်...''
ဒေါ်နွဲ့နွဲ့ခင်က ချစ်စနိုးလေး မျက်စောင်းရွယ်ပြီးဆိုလေသည်။
ထိုအခါကျမှ ခေါင်းတွေအတင်းငုံထားသည့် မိုင်းနဲ့ခြယ်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိသည်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်မိသည်။
ထမင်းဝိုင်းလေးက ရယ်သံတွေဖြင့်လွှမ်းခြုံလျှက်။
"ဒေါက်...ဒေါက်....ဒေါက်...''
ခြယ်တံခါးခေါက်သံကြောင့် တံခါးလာဖွင့်သည်။
"တော်သေးတာပေါ့ မင်းမအိပ်သေးလို့..''
"ညကြီးမိုးချုပ် ဘာကိစ္စရှိလို့လဲဗျ..''
ခြယ်က ညကြီးမိုးချုပ် လာသည့်မိုင်းကို အံသြပြီးကြည့်နေသည်။ မိုင်းကခပ်တည်တည်ပင် အခန်းထဲက ခြယ့်အိပ်ယာပေါ်ဝင်ထိုင်လေသည်။ ခြယ် မျက်လုံးပြူးသွားရသည်။
"ဟာ မိုင်း ညကြီးမိုးချုပ်သူများအခန်းထဲကို ဘာလာလုပ်တာလဲ...''
"ဪ မင်းကလဲ ကိစ္စရှိလို့လာတာပါ ငါကမင်းကို အပေါက်ဝမှာရပ်ပြီး စကားပြောရမှာလား ''
"အင်းပေါ့...''
သူက ကုတင်ပေါ်ထိုင်နေသော်လည်း ခြယ်က ဝင်မထိုင်ပဲ ခါးထောက်လျှက်သူ့ကိုကြည့်နေသည်။
"ယောကျာ်းချင်းကိုများ အဖြစ်သည်းနေလိုက်တာကွာ ဒီမှာ မင်းဖို့အဝတ်အစားလာပေးတာ အသစ်တွေနဲ့ ငါဝယ်ပြီးမဝတ်ပဲသိမ်းထားတဲ့ဟာတွေ ရော့ မင်းအတွက်...''
သူယူလာတဲ့အဝတ်အစားအထပ်ကို ဘေးချပြီး ခြယ့်ကိုတစ်ထည်ပစ်ပေးလေသည်။
"ဝတ်ကြည့်လေ တော်လားလို့''
"ဟမ် အခုဝတ်ကြည့်ရမှာလား ''
"အေးလေ...''
ပြဿနာကောင်ပဲ အဝတ်အစားကို ဒီတိုင်းချပေးခဲ့လဲပြီးတာကို
"တော်မှာပါ ကျွန်တော်ကခင်ဗျားလောက်မှ ခန္ဓာကိုယ်မကြီးတာ ခင်ဗျားယူလာတာတွေကအကြီးကြီးတွေပဲကို...''
"မင်းကလေ ဝတ်ကြည့်ဆိုဝတ်ကြည့်လိုက်ပေါ့ မင်းနဲ့အဆင်မပြေရင် နောက်ရက်ထပ်ဝယ်ပေးရအောင်လို့...''
"ရ ရပါတယ်ဗျာ ခုကျွန်တော်အိပ်ချင်နေပြီ အဝတ်အစားတွေလဲ မလဲချင်တော့ဘူး အိပ်တော့မယ် အဝတ်အစားအတွက် ကျေးဇူးပါဗျာ ဝှါးးး''
ခြယ်က သူ့ကိုဆွဲထူပြီး အ ခန်းပြင်သို့တွန်းထုတ်လေသည်။
"မင်းကလည်း ချက်ချင်းကို အိပ်ချင်သွားတာပဲ...''
မိုင်းကရွဲ့တဲ့တဲ့လေသံဖြင့်ပြောလေသည်။
"ဟုတ်တယ် တကယ်အိပ်ချင်လာလို့ပါ Good nightနော်''
"အေးပါ မင်းလဲ Good......... ''
ခြယ်ပြောပြီးတာနှင့် တံခါးကိုပိတ်ချလိုက်သည်။
စကားစတန်းလန်းနှင့် ကျန်ခဲ့သည့်မိုင်းက အပြင်မှာ ကြောင်တောင်တောင်ဖြင့်ကျန်ခဲ့သည်။
"အေး မင်းလဲ Good night လို့ပြောမလို့တောင် ဆုံးအောင်နားမထောင်သွားဘူး ဘယ်လိုကောင်လေးလဲမသိဘူး...''
မိုင်းက တံခါးအပြင်တွင် ပွစိပွစိပြောပြီးထွက်သွားသည်။
~~~~
"သား မင်း ငထွဋ်တို့အိမ်ကိုမသွားတော့ဘူးလား သူပြန်လာရင်ရက်ရွေးပြီးလက်ထပ်ရမှာကို မင်းကအေးတိအေးစက်နဲ့...''
"ဟုတ်သားပဲ ကောင်မလေးနဲ့ခုထိမရင်းနှီးသေးဘူးလား''
မိုင်း ဒယ်ဒီနဲ့မာမီရဲ့ စကားတွေကြောင့် အသက်ရှူရတာတောင်ကျဉ်းကြပ်လာသလို ခံစားရသည်။ သူ ရွှေရေးခြယ်ကို မချစ်ပေ။ မိုင်းခေါင်းငြိမ့်လက်ခံထားတာမဟုတ်သော်လည်း ငြင်းခွင့်မရှိပေ။
"ကျွန်တော် ရွှေရေးခြယ်ကိုမချစ်ဘူး ဒယ်ဒီ''
မိုင်းက ဦးမြင့်မောင်မျက်နှာကို မကြည့်ရဲကြည့်ရဲဖြင့် ပြောလိုက်တော့ ဦးမြင့်မောင်မျက်နှာမှာ အလိုမကျခြင်းတွေ သိသိသာသာဖြစ်ထွန်းလျှက်ရှိသည်။
"ဘာစကားလဲသား ''
"ကျွန်တော်မချစ်မနှစ်သက်တဲ့သူကို လက်မထပ်ချင်ဘူး....''
"တော်တော့ မင်းကလူငယ်ချင်းဆွေးနွေးချင်သေးတယ်ဆိုတာကို သဘောတူထားတာက မင်းကိုငြင်းခွင့်ပြုထားတာမဟုတ်ဘူးနော်...ငါ့သူငယ်ချင်းနဲ့ငါမျက်နှာ မပျက်ချင်ဘူး...''
"ဒါပေမယ့်..ကျွန်တော်''
"သား...''
ဒေါ်နွဲ့နွဲ့ခင်က မိုင်းအားတားလေသည်။
ခိုးနားထောင်တာမဟုတ်ပေမယ့် ငြိမ်ငြိမ်လေးနားထောင်နေမိသည့် ခြယ်က ထိုနေရာမှထွက်လာခဲ့တော့သည်။
သူမအခန်းတံခါးအား သေချာပိတ်လိုက်သည်။
"ဦးမြင့်မောင်..... ''
ခြယ်က စဉ်းစားရင်းရေရွတ်လိုက်သည်။
"မြင့်မောင်ရဲ့သားနဲ့ပါ..... ''အဖေ့ရဲ့စကားသံကို ပြန်ကြားယောင်မိသည်။
"ဒါဆို သူက ငါနဲ့လက်ထပ်ပေးမယ်ဆိုတဲ့သူပေါ့...''
ခြယ်လုံးဝကိုထင်မထားတာကြောင့် အံသြသွားရသည်။
"သူကအိမ်ကိုလာခဲ့တာလား...ငါနဲ့ဘာလို့မတွေ့တာလဲ''
ခြယ်က သေချာစဉ်းစားကြည့်လေသည်။ သေချာစဉ်းစားလိုက်တော့မှ ဟိုသားမိရဲ့လုပ်ရပ်တွေက မျက်လုံးထဲထင်းကနဲပေါ်လာသည်။
"ဒါကြောင့် ငါ့ကိုအခန်းအောင်းခိုင်းတာကိုး ဒါဆို ထမင်းစားဝိုင်းမှာ ငါတွေ့တဲ့သူက မိုင်းပေါ့...''
ခြယ်က အခုမှဒေါ်ထိပ်ထားချိုတို့သားမိရဲ့ လုပ်ဇာတ်ကို နားလည်သွားသည်။
"ကိုယ်ယူရမယ့်သူတောင် အတုမှန်းအစစ်မှန်းမခွဲခြားတတ်တဲ့သူပဲ ဟွန်း လူကိုမြင်တောင်မမြင်ဖူးပဲ အကြောက်ကန်ငြင်းနေတယ်...''
ခြယ်က မိုင်းကိုပွစိပွစိနှင့်ထိုင်ပြောနေသည်။ အလိုလိုနေရင်း မိုင်းကို စိတ်တိုနေမိပြန်သည်။
"လက်မထပ်နဲ့ပေါ့ သူ့ကိုလဲဘယ်သူကလက်ထပ်ချင်နေလို့လဲ အစကတည်းက ဒီလူက ငြင်းထားပြီးသားပါနော် ဟွန်း''
ခြယ်ကတစ်ယောက်ထဲ စကားတွေပြောနေလေသည်။
"ဟာ ငါဘာတွေဖြစ်နေတာလဲ သူကလက်ထပ်ပွဲဖို့ ငြင်းတာကို ငါကပျော်ရမှာလေ ငါမှသူ့ကိုလက်မထပ်ချင်တာ ဒါကို ငါကဘာလို့ စိတ်ဆိုးနေရတာလဲ...''
~~~~~
"တီ....တီ.....တီ.....''
ကားဟွန်းသံကြားသဖြင့် ခြံစောင့်ဦးတုတ်ကြီးက တံခါးအပြေးသွားဖွင့်သည်။ဒေါ်ထိပ်ထားချိုနှင့် ပိတောက်ကလည်း ဘယ်သူများပါလိမ့်ဟူသည့်ပုံစံနှင့်ထွက်ကြည့်သည်။ ထိုအချိန်ဝင်လာသည့်ကားမှာ ဦးထွဋ်ခေါင်ကားဖြစ်နေ၍ ဒေါ်ထိပ်ထားချိုတို့သားမိ မျက်လုံးပြူးမျက်ဆံပြာဖြစ်သွားရသည်။ ပိတောက်ချိုက ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတော့သည်။