"အန်ကယ့်သမီးက အန်ကယ့်ကိုသတိရကြောင်းပြောဖို့မှာလိုက်ပါတယ်....ပြီးတော့ ကျွန်တော် အန်ကယ့်ကို တစ်ခုသတိပေးချင်တာက ဒေါ်ထိပ်ထားချိုကို မယုံပါနဲ့......''
ဦးထွဋ်ခေါင်တစ်ယောက် မိုင်းပြောတာတွေကို ပြန်ကြားယောင်နေမိသည်။
ဒီကောင်လေးနှင့်သူခုမှပထမဆုံး ဆုံဖူးတာဖြစ်သည်။ ချို့ကို မယုံဖို့ပြောတာ နှစ်ယောက်ရှိပြီ။ အတွင်းလူဖြစ်တဲ့ ဒေါ်ညို့စကားတောင် သူလျစ်လျုရှုထားခဲ့တာ အခုအပြင်လူဖြစ်တဲ့ ဒီကောင်လေးကပါပြောလာသည်။ သူတို့ကဘာတွေသိထားလို့လဲ။
ဒေါ်ညိုက ဒီအိမ်ပေါ်မှာရော သူတို့မိသားစုအပေါ်မှာပါ တာဝန်ကျေပွန်ပြီး ကျေးဇူးသိတတ်သည်။ပြီးတော့ သူတို့မိသားစုအပေါ်မှာလည်း သံယောဇဉ်ကြီးသူဖြစ်သည်။ဒါတောင်မှ သူ့သဘောနှင့်သူအလုပ်ထွက်သွားတယ် ပြောတဲ့ ထိပ်ထားချိုရဲ့ စကားကို အစစ်ဆေးအမေးမြန်းမပြုပဲ သူယုံကြည်ပေးလိုက်သည်။ ခြံထဲမှာလဲ အလုပ်သမားလူသစ်တစ်ချို့ ခန့်ထားသည်။ သူ့ကျန်းမာရေးအတွက်ဆိုပြီး လူနှစ်ယောက်ငှါးပေးသည်။ အဲ့လူတွေက သူ့ကိုကူညီလုပ်ကိုင်ပေးတာထက် သူ့ကိုစောင့်ကြပ်ကြည့်ရှုနေတာနှင့်သာပိုတူသည်။ သမီးစိတ်ကြောင့်စိတ်ဓာတ်ကျနေသည့်အပြင် ခုလိုဒုက္ခိတဖြစ်သွားတော့ သူပိုပြီးစိတ်ဓာတ်ကျသွားသည်။ ဘာကိုမှဂရုမစိုက်ချင်တာကြောင့် ပြီးပြီးရောနေနေမိသည်။ ခုနောက်ပိုင်း ချို့မှာ သူမေးခွန်းထုတ်စရာတွေများလာသည်။ ဒါပေမယ့် သူက အိပ်ယာထဲလှဲနေရတဲ့သူပဲ ဘာတတ်နိုင်မှာမလို့လဲ။ ဒေါ်ညိုပြောခဲ့သလို တကယ်ပဲ သူ့သမီးလေးနှိပ်စက်ခံခဲ့ရတာဆိုရင်...။ သူခေါင်းတွေကို ခါရမ်းလိုက်သည်။ မဖြစ်နိုင်ပါဘူး။ ဆက်မတွေးချင်တော့တာကြောင့် သူထိုင်နေရာမှ အိပ်ယာထဲလှဲနေလိုက်သည်။ အိပ်ယာဘေးတွင်ချထားသော သမီးလေးဓာတ်ပုံလေးအားကြည့်လိုက်သည်။
~~~~
မိုင်းက အိမ်ပြန်ရောက်တာနှင့် ခြယ့်ကိုရှာမိသည်။ ပြီးမှ မီးဖိုချောင်ထဲမှာတွေ့သည်။
"ဘာတွေလုပ်နေပြန်ပြီလဲ...''
မိုင်းအသံကြားတာကြောင့် ခြယ်လှည့်ကြည့်လိုက်သည်။
သူအိမ်ကပြန်လာတာပေါ့။ အဖေ့အခြေအနေသိချင်လိုက်တာ...
"ဘာမှမလုပ်ပါဘူး ဒါနဲ့ လူမမာအခြေနေရော...''
"လှေကားပေါ်က ပြုတ်ကျပြီး ဖြစ်တာ သေချာကြပ်ကြပ်မတ်မတ်ပြန်လေ့ကျင့်လိုက်ရင် ပြန်ကောင်းနိုင်ပါတယ်...ဒါပေမယ့်...''
"ဒါပေမယ့် ဘာဖြစ်လဲဟင်...''
ခြယ်က စိုးရိမ်ပူပန်စွာမေးလိုက်သည်။
"ဒါပေမယ့် ဦးထွဋ်ခေါင်က စိတ်ဓာတ်ကျနေတာ...သူ့ခြေထောက်ကောင်းဖို့ သူ့စိတ်ကအဓိကဖြစ်နေတာ ဒါပေမယ့်...''
ခြယ် ရင်ထဲမကောင်းလှပေ။ တကယ်ဆို ဒီအချိန်မှာ ခြယ်ကအဖေ့နားနေပြီး ပြုစုပေးနေရမှာ။ ခုတော့ သူစိမ်းတွေကြောင့်နဲ့ သူ့အဖေနဲ့အဝေးမှာ နေနေရသည်။ ခြယ် မျက်ရည်တွေဝဲနေတာကို မိုင်းသတိထားမိလိုက်သည်။
"ငါနဲ့ တစ်ရက်လေးဝေးသွားလိုက်တာ ငါ့ကိုလွမ်းနေလို့ထင်တယ် မျက်နှာလေးချောင်ကျသွားတယ်...''
မထိတထိစလိုက်တဲ့ မိုင်းကြောင့် ခြယ် မျက်စောင်းထိုးလိုက်မိသည်။
"သွား သေလိုက်ပါလား...''
ခြယ်က သူ့ရှေ့မှထွက်ခဲ့လိုက်သည်။
~~~~~~
"အစ်ကို နေပါဦး...''
ဒေါ်နွဲ့နွဲ့ခင်က အလုပ်သွားဖို့ပြင်နေသော ဦးမြင့်မောင်အားတားလိုက်သည်။
"ဘာလဲဟ...''
"ရှင့်ကို ပြောစရာရှိလို့ပါ...''
"ပြောပြော...''
နာရီကြည့်ပြီး စိတ်မရှည်လက်မရှည်ဖြင့် နားထောင်လေသည်။
"ဟိုလေ သားနဲ့ရေးက အရမ်းကြီးရင်းနှီးနေတယ်လို့ မထင်ဘူးလားဟင်...''
"ကျစ်! ဘာများလဲလို့ကွာ သူတို့ယောကျာ်းလေးအချင်းချင်းခင်မင်ရင်နှီးတာ ဘာဖြစ်လဲ မင်းကတော့ ဘာတွေတွေးပူနေတာလဲ''
"ရှင် သားအကြောင်းကို မသိပါဘူး သူကလူတိုင်းနဲ့ရင်းရင်းနှီးနှီးနေတာမှ မဟုတ်တာ သား ရေးကိုကြည့်တဲ့အကြည့်တွေက မရိုးသားသလိုပဲ ကျွန်မသတိထားမိနေတာကြာပြီ ပြီးတော့လေ ဟိုအရင်ရက်ကလည်း ရေးငိုနေတာကို ရှင့်သားကဖက်ပြီးချော့နေတာတွေ့တယ် မသိတဲ့လူဆို သူတို့ကိုသမီးရည်းစားထင်မှာပဲ...ကျွန်မသားက ယောကျာ်းချင်းများကြိုက်နေတာလားမသိဘူး...''
"ကဲ တော်ပြီ ဘာမှအရေးမပါတာတွေကို လျှောက်တွေးနေတယ် ငါအလုပ်ချိန်နောက်ကျတော့မယ် မင်းဘာသာဆက်ပြီးအဖြေရှာနေခဲ့တော့ ငါတော့သွားပြီ...''
ဦးမြင့်မောင်က ကားပေါ်တက်ကာ ကားမောင်းပြီးထွက်သွားတော့သည်။ ဒေါ်နွဲ့နွဲ့ခင်က တစ်ယောက်ထဲကျန်နေခဲ့တော့သည်။
~~~~~
"ဟယ်လို....အာကာလား ''
"မမခြယ် ဘယ်ကနေဆက်နေတာလဲ ''
"မမခြယ် လမ်းဘေးဖုန်းဆိုင်ကနေဆက်နေတာ''
"ဟာ တစ်ယောက်ထဲလား မမခြယ်မှာ အန္တရာယ်ရှိနေတာကို ဘာလို့တစ်ယောက်ထဲထွက်လာတာလဲ...ဟိုအိမ်ကဖုန်းကိုဘာလို့မသုံးတာလဲ...''
"မမခြယ် အဲ့မှာဖုန်းပြောရင်မလွတ်လပ်လို့ပါ မမခြယ်ကသူတို့မိသားစုကိုလိမ်ပြီးနေနေရတာဆိုတော့ အခုလိုတွေဖုန်းပြောလို့သူတို့သိသွားရင်မကောင်းဘူး...''
"ဟုတ်ပါပြီ ဖုန်းဆိုင်ကအိမ်နဲ့ဝေးလား...''
"အင်း နည်းနည်းတော့ဝေးတယ်''
"မမခြယ် ဘာပြောချင်လို့ဆက်တာလဲ...''
"အော် မမခြယ်ကို ဒေါ်လေးညိုရဲ့ဖုန်းနံပါတ်နဲ့လိပ်စာလေးပြောပြပါဦး မမခြယ် ဒေါ်လေးညိုဆီမှာနေပြီး အဖေနဲ့တွေ့ချင်လို့''
"မမခြယ်တစ်ယောက်ထဲမသွားနဲ့ ကျွန်တော်လိုက်ပို့မယ် မမခြယ်ဘယ်နေ့သွားမလဲ ကျွန်တော်လာခေါ်မယ်...''
ခြယ်ဝမ်းသာသွားရသည်။
"အာကာတကယ်ပြောတာလား တကယ် မမခြယ်ကိုလိုက်ပို့မှာလား...''
"ဟုတ်တယ်...''
ဒီလိုနှင့် ခြယ်အာကာနှင့်ဖုန်းပြောပြီး အိမ်သို့ပြန်လာခဲ့သည်။ စိတ်ထဲမှာလဲ ပျော်ရွှင်လျှက်။ မကြာခင် အဖေနဲ့သူတွေ့ရတော့မည်။ဒေါ်ထိပ်ထားချိုတို့သားမိ အကြောင်းကိုလဲ အဖေသိအောင်ပြောပြရမည်။ ပြီးရင် အဖေ့ခြေထောက်ပြန်ကောင်းအောင် သူမအစွမ်းကုန်ပြုစုမည်။ အတွေးများနှင့်ပျော်ရွှင်နေမိသည်။
အိမ်နားရောက်ဖို့ ခပ်လှမ်းလှမ်းလောက်အလို လူပြတ်သည့်နေရာတွင် ကားတစ်စီးရပ်ထားသည်ကိုတွေ့ရသည်။ ခြယ်လဲကားနားရောက်ရော ကားပေါ်မှ လူငါးယောက်က ခြယ့်ရှေ့မှာပိတ်ရပ်လိုက်ကြသည်။ အန္တရာယ်ရဲ့အငွေ့အသက်တွေရနေသလိုပင်။ ခြယ် ရှောင်သွားမယ်လုပ်တော့ ရှောင်မယ့်ဖက်ကိုပိတ်ထားသည်။
"ခင်ဗျားတို့ ဘာလုပ်တာလဲ....''
ခြယ်က ကြောက်စိတ်ကိုမပေါ်အောင် မာန်တင်းပြီးပြောလိုက်သည်။ ထိုအဖွဲ့ထဲမှ လူတစ်ယောက်က ခြယ့် ဆံပင်တွေကိုလာကိုင်သည်။ ခြယ် ခေါင်းကိုနောက်ဆုတ်ပြီး ရှောင်လိုက်သည်။
"မင်းက ဆံပင်ပါညှပ်ပစ်လိုက်တာကိုး ကလေးမရဲ့ တော်တော်ရှာလိုက်ရတယ်ကွာ...''
ဓာတ်ပုံတစ်ပုံနှင့် ခြယ့်မျက်နှာကို ယှဉ်ပြီးကြည့်သည်။
"ခင်ဗျားတို့ဘာတွေလာပြောနေတာလဲ ''
"အရူးကွက်တွေနင်းမနေနဲ့ မင်းနာမည်ရွှေရေးခြယ် မင်းအဖေက ဦးထွဋ်ခေါင် ဟုတ်တယ်မလား ပြီးတော့ မင်းရဲ့မိထွေးက ဒော်ထိပ်ထားချို ''
ခြယ် ဆက်ပြီးရွှီးလို့မရတော့မှန်းသိလိုက်သည်။ဒါဒေါ်ထိပ်ထားချိုလက်ချက်ဆိုတာလဲ တန်းသိလိုက်သည်။ ပြေးပေါက်ကလဲမရှိ။ သူတို့ကရှေ့ရောနောက်ပါ လမ်းပိတ်ထားသည်။
"ဟေ့ကောင်တွေ သူ့ကိုဖမ်းခေါ်ခဲ့...''
ခြယ့်ကို လူနှစ်ယောက်က ချုပ်ပြီး ကားပေါ်တင်နေတုန်း
"ဟေ့လူတွေ...''
"ဟမ် အာကာ....''
မမခြယ်တစ်ယောက်ထဲထွက်လာတာကြောင့် သူစိတ်မချလို့ ဖုန်းမချခင်ကတည်းကလိုက်လာတာဖြစ်သည်။ အခုတော့ထင်တဲ့အတိုင်းပဲ။
"မင်းက အာကာမဟုတ်လား''
သူတို့ထဲကခေါင်းဆောင်ဟုထင်ရသည့်လူက အာကာ့ကိုကြည့်ပြီးပြောသည်။ အာကာက သိပ်တော့မအံသြပေ။ ဘာကြောင့်ဆိုတော့ ဒီအစီစဉ်တွေက အမေ့အစီစဉ်တွေဆိုတော့ သူ့ကိုသိနေတာ မထူးဆန်းပင်။
"ဟုတ်တယ် ခင်ဗျားတို့ မမခြယ်ကိုလွှတ်လိုက် ကျွန်တော့်အမေနဲ့ကျွန်တော်ကြည့်ပြောလိုက်မယ်...''
အာကာကာ ဥာဏ်ဆင်ပြီးပြောကြည့်သည်၊
"ဟား ဟား ဟား မင်းအမေကမင်းအကြောင်းတော်တော်သိတာပဲ မင်းဒီလိုပြောလာရင်လက်မခံဖို့ ငါ့ကိုတစ်ခါတည်းမှာလိုက်တာကွ ကဲ မဆိုင်သလိုပဲနေလိုက်ပါကွာ ဒဏ်ရာမရချင်ပါနဲ့..ဟေ့ကောင်တွေ ဘာရပ်လုပ်နေတာလဲ သူကိုကားပေါ်တင်...''
ခြာ်ကို အတင်းဆွဲပြီး ကားပေါ်သို့တင်လေသည်။ ခြယ်က ရုန်းကန်နေတာကြောင့် အတင်းဖိပြီးအရမ်းပတမ်းကားထဲသို့ ဝင်ခိုင်းလေသည်။ ထိုအခါအာကာက ငြိမ်မနေတော့ပဲ ခြယ့်ကို ကားထဲထည့်နေတဲ့သူတွေကို ဆွဲထိုးလေသည်။ သို့သော်လည်း အများနှင်တစ်ယောက် ဆိုတော့ အာကာခံနေရလေသည်။
အာကာ့ကို ထိုးကြိတ်နေတာကသုံးယောက်ဖြစ်သည်။ ခြယ့်ကိုချုပ်ထားသည်က နှစ်ယောက်။
"ဒုတ်...''
"အ!''
ခြယ့်ဘေးကလူတွေကို နောက်မှတစ်ယောက်ယောက်က တုတ်ဖြင့်ဝင်ရိုက်လိုက်တာကြောင့် ခွေကျသွားသည်။
"မိုင်း....''
မိုင်းကလည်း ခြယ့်ကို စိတ်မချတာကြောင့်လိုက်လာခြင်းဖြစ်သည်။
ဒီလိုနှင့် မိုင်းနှင့်အာကာက ဟိုလူတွေကို နှစ်ယောက်ပေါင်းပြီးချကြသည်။ ခြယ်လက်ထဲသို့ တုတ်ထဲ့ပေးခဲ့တာမို့ ခြယ်အနားကပ်လာလျှင် ခြယ်ကတုတ်နဲ့ရိုက်လွှတ်သည်။ သုံးယောက်လုံးကပြန်ချနေသလိုဖြစ်တာကြောင့် ဟိုဖက်ကလူသုံးယောက်လောက်က အတုံးအရုန်းလဲနေသည်။ထိုအချိန် လဲနေသည့် လူတွေထဲမှ ခြယ့်အနောက်က လူကထလာပြီး ခြယ့်ကို ဓားနဲ့ထိုးဖို့ပြင်လေသည်။
"ဟာ ရေး....''
"မမခြယ်....''
ခြယ်နဲ့ နီးနေတာ မိုင်းဖြစ်နေတာကြောင့် မိုင်းက အလျှင်အမြန်ပင် ခြယ့်ခန္ဓာကိုယ်ကိုဆွဲလှည့်ပြီးပွေ့လိုက်သည်။
"အင့်....''
ဓားက ခြယ့်ကိုမထိပဲ မိုင်းကိုထိသွားသည်။
"ဟေ့ကောင်တွေ တက်တက်''
လူသံသူသံတွေကြားတာကြောင့် လဲနေသောသူတို့လူတွေလဲ အတင်ဆွဲထူပြီး ကားပေါ်တင်ပြီးထွက်သွားကြသည်။
ခြယ်က မိုင်းကိုပွေ့ထားပြီး မျက်ရည်တွေကျနေမိသည်။
အာကာက ခြယ့်ဘေးနားကိုရောက်လာသည်။ မမခြယ်က ဒီလူ့အတွက်မျက်ရည်ကျနေတာပဲ။
~~~~~
"ဘာ လွတ်သွားတယ် ဟုတ်လား...''
"•••••••••''
"နင်တို့တော်တော် အသုံးမကျတာပဲ မိန်းကလေးတစ်ယောက်ကိုတောင် မရှင်းနိုင်ဘူးလား ဘာလဲ ရွှေရေးခြယ်က နင်တို့ပြန်ချလွှတ်လိုက်လို့လား ''
ဒေါ်ထိပ်ထားချို စိတ်ဆိုးမာန်ဆိုးဖြင့် တစ်ဖက်ကလူကို ပြောဆိုနေမိသည်။
"သူ့ကို ငါ့သားနဲ့ကောင်တစ်ယောက်က ဝင်ကယ်သွားတယ် ဟုတ်လား တောက်! "
ဒေါ်ထိပ်ထားချို ဖုန်းချပစ်လိုက်သည်။ ဒီကောင်မတော်တော်ကံကောင်းနေတယ်ပေါ့လေ။ သူကံကောင်းတာက ငါ့ကိုကံဆိုးစေတာပဲ။အခု ငါလုပ်ခိုင်းတယ်ဆိုတာ သိသွားပြီ။ ဘယ်လိုဆက်လုပ်ရမလဲ။
"အမေ့ ဘာတွေဖြစ်ကုန်ပြီလဲ...."
"ဟိုကောင်မလွတ်သွားပြန်ပြီ....''
"ဟမ် သူသာသွားတိုင်လိုက်ရင် သမီးတို့လည်ပင်းတော့ ကြိုးကွင်းစွတ်သလိုဖြစ်ပြီ....ဘယ်လိုလုပ်မလဲ အမေ ''
ပိတောက်ချိုက ကြောက်ကြောက်လန့်လန့်လေးပြောလေသည်။
"ငါတို့အတွက်အချိန်သိပ်မရှိတော့ဘူး....လိုချင်တာကိုရအောင် တိုက်ရိုက်နည်းပဲသုံးမှဖြစ်တော့မယ်....''
ပိတောက်ချိုက နားမလည်စွာ အမေဖြစ်သူကို ကြည့်နေသည်။