"နောက်ကကားက ကျွန်တော်တို့ကိုလိုက်နေသလိုပဲ...''
ခြယ်ကလှည့်ကြည့်မယ် ပြင်လိုက်တော့ မိုင်းက
"လှည့်မကြည့်နဲ့ သူတို့သတိထားမိသွားလိမ့်မယ်...''
"သူတို့က ဘယ်သူတွေလဲ...''
"ငါလဲမသိဘူး...''
မိုင်းက မသိဘူးဆိုတော့ ဒီလူတွေက မိုင်းရဲ့ရန်သူတွေမဟုတ်ပဲ ခြယ့်ရဲ့ရန်သူတွေလား။ ဒေါ်ထိပ်ထားချိုလွှတ်လိုက်တဲ့သူတွေများလား။ ခြယ် ကြောက်ရွံစိတ်လေးဝင်လာသည်။ ဒီသားအမိပေါ် ကြောက်တဲ့စိတ်က လုံးဝအရှင်းမပျောက်သေးပေ။ သူတို့သာ ခြယ့်ကိုပြန်တွေ့သွားရင် ဘာတွေဆက်ဖြစ်မလဲ။ အဖေ....အဖေ့ကိုတော့ သူတို့အန္တရာယ်မပေးလောက်ပါဘူး။ ရုတ်တရက်အဖေ့ကို ခြယ် သတိရသွားကာ စိုးရိမ်စိတ်လေးဝင်မိသည်။ ဘုရားသိကြားမလို့ အဖေဘေးအန္တရာယ်ကင်းပါစေ....။
ခြယ့်ရဲ့ စိုးရိမ်ပူပန်နေဟန်ကြောင့် မိုင်း စိတ်မကောင်းဖြစ်သွားရသည်။ သူမလေးခမျာ အရာရာကိုဖုံးဖိပြီးနေရတော့ ပူပန်သောကရောက်နေတာတောင်မှ မလွတ်လပ်ရှာဘူး။ သူတို့ကို နောက်ယောင်ခံတဲ့သူတွေက ဘယ်သူတွေဖြစ်မလဲ။ ခြယ့်မိထွေးရဲ့စနက်တွေများလား။ ဖြစ်နိုင်ခြေအများဆုံးကတော့ ခြယ့်မိထွေးရဲ့လက်ချက်ပင်။ ခြယ့်မှာ အန္တရာယ်ရှိနေပြီပဲ။မင်းကယောကျာ်းလေးအဖြစ်နဲ့ရှိရှိ မိန်းကလေးအဖြစ်နဲ့ပဲရှိရှိ ကိုယ်မင်းကို ကာကွယ်မှာပါ။
******
"တောက်! ဟာကွာ မျက်ခြည်ပျက်သွားပြီ...''
"ငါတို့ဘာဆက်လုပ်မလဲ...''
"ဒီလောက်မရိပ်မိအောင်လိုက်တာကိုကွာ...''
"မင်းအစကတည်းက ပေါ်တင်တွေ့လိုက်ရင် ပြီးနေတာကို နောက်ယောင်ခံပြီးလိုက်တော့ သူတို့ကအန္တရာယ်ပေးမယ့်သူတွေ ထင်သွားမှာပေါ့...''
"ကျစ်! ခုမှတကယ်လမ်းစပျောက်ပြီ ဘာဆက်လုပ်ရမလဲမသိတော့ဘူး...''
"အဲ့လောက်လဲ စိတ်ဓာတ်မကျပါနဲ့ဦးကွာ ငါတို့အတွက်လမ်းစကျန်ပါသေးတယ်....''
"ဘာလဲ...''
"ငါ ဟိုလူ့ကားနံပါတ်မှတ်ထားလိုင်တယ် ကားနံပါတ်ကနေတစ်ဆင့်ထပ်စုံစမ်းလိုက်မယ်...''
စိတ်ဓာတ်ကျနေသည့် အာကာချင်ချင်းပဲ မျက်လုံးတို့အရောင်တောက်သွားသည်။
"မြန်မြန်တော့ စုံစမ်းမှဖြစ်မယ်...''
"အေးပါ....''
**********
"ဟိုကားကိုမျက်စဖျတ်လိုက်ပြီ.....''
လမ်းကွေ့တစ်နေရာတွင်ကားလေးရပ်ထားလိုက်သည်။
ခြယ် အခုမှပဲစိတ်အေးနိုင်တော့သည်။
"ဟူးး တော်ပါသေးရဲ့.....''
မိုင်းက ခြယ့်မျက်နှာလေးကို ကြည့်မိသည်။ သနားဂရုဏာသက်သော မိုင်းရဲ့မျက်ဝန်းတို့နှင့် ခြယ်အကြည့်ချင်းဆုံတော့ မနေတတ်မထိုင်တတ်လေးဖြစ်သွားသည်။
"ခင်ဗျားက ဘာကြည့်တာလဲ...''
မိုင်းက ဘာမပြောညာမပြောနှင့် တစ်ရှုးတစ်ခုကိုယူပြီး ခြယ့်နဖူးစလေးတွေကို လာသုတ်ပေးသည်။ ခြယ်က ကြောင်အမ်းအမ်းလေးဖြင့် ကြည့်ပြီး ငြိမ်ကြည့်နေမိသည်။
ခြယ်က ကြောက်ပြီး ချွေးဇောပြန်နေတာကြောင့် နဖူးစတွေရော လက်တွေရောက ချွေးပြန်နေသည်။ သူက ခြယ့်ဘက်ကို ခန္ဓာကိုယ်ကို တည့်တည့်လှည့်လိုက်သည်။ နောက်ထပ်တစ်ရှူးစတွေယူကာ ခြယ့်လက်ဖဝါးတွေအား ဆွဲယူပြီးသုတ်ပေးနေလေသည်။ ဂရုတစိုက်ဖြင့် နူးညံ့ညှင်သာစွာ။ ခြယ်မနေတတ်တော့တာကြောင့် သူ့လက်ထဲရောက်နေသည့် ခြယ့် လက်ကလေးတွေကိုရုန်းလိုပ်သည်။
"ကျွန်တော့်ဘာသာသုတ်လိုက်ပါ့မယ်...''ပြောပြီး တစ်ရှူးနဲ့ကိုယ့်ဘာသာသုတ်နေမိသည်။
မိုင်းရောခြယ်ပါ ခဏတာငြိမ်သက်နေမိသည်။
ပြီးမှ မိုင်းက
"မင်း ငါ့ကိုယုံကြည်လား.....''
လေးနက်တည်ငြိမ်ဟန်အပြည့်ဖြင့် ပြောသော မိုင်းရဲ့စကားကြောင့် ခြယ် မိုင်းကိုသေချာကြည့်မိသည်။ တကယ်တော့ မိုင်းကဘယ်သူဘယ်ဝါဆိုတာမသိခင် စစတွေ့ကတည်းက ခြယ်ကယုံကြည်နေမိတာပါ။
"ယုံပါတယ်.....''
မိုင်းက သူမပခုံးနှစ်ဖက်ကိုကိုင်ပြီး သူ့မျက်နှာကခြယ့်မျက်နှာလေးနားကပ်လာသည်။ ခြယ် လန့်ပြီးအနောက်ဆုတ်လိုက်မိသည်။
ဒါကိုသူကပြုံးလေသည်။
"မင်းငါ့ကိုယုံတယ်ဆိုပြီးလန့်နေတာလား....''
"မဟုတ်ပါဘူး....''
"အကောင်းပြောမလို့ သေချာနားထောင်.... ''
သေချာနားထောင်ဆိုတော့ ခြယ်ကမျက်လုံးလေးပေကလပ်ပေကလပ်ဖြင့် ငြိမ်ပြီးနားထောင်လေသည်။
"မင်းမှာ ဘာအခက်အခဲတွေပဲရှိရှိ မကြောက်နဲ့ ရဲရဲဝင့်ဝင်ရင်ဆိုင်လိုက် မင်းကထက်မြတ်တဲ့သူပါ ပြီးတော့ အခြေနေတွေဘယ်လိုပဲပြောင်းလဲပြောင်းလဲ မင်းကိုငါနားလည်တယ် မင်းဘက်မှာငါရှိတယ် ဒါကြောင့် မင်းကြောက်ရွံအားငယ်တဲ့အချိန်ဆိုရင် မင်းတစ်ယောက်ထဲလို့ မတွေးပဲ မင်းဘေးမှာငါရှိတယ်လို့တွေးလိုက်...ဟုတ်ပြီလား....'' မိုင်းက သူမခေါင်းလေးကို ဖွဖွလေးပုတ်လိုက်သည်။
မိုင်းရဲ့စကတွေက ဘာအဓိပ္ပါယ်တွေလဲ။ မိုင်းက ခြယ့်အကြောင်းတွေအကုန်သိနေတာလား။ တစ်ခါတလေ ခြယ့်အကြောင်းအကုန်သိနေသလိုထင်ရပေမယ့် တစ်ခါတလေကျတော့လဲ မဟုတ်ပြန်ဘူး။ ခြယ်က မိုင်းကို နားလည်ရခက်စွာကြည့်နေမိသည်။
~~~
"ဘာ....ဒေါ်ညို့ကို အိမ်ပေါ်က နှင်ချလိုက်တယ်ဟုတ်လား...''
"ဟုတ်တယ်လေ အမေရဲ့ သူက သမီးတို့သားမိအကြောင်းကို အဖိုးကြီးကိုပြန်တိုင်မလို့ကြံနေတာ သမီးလဲဘယ်ရမလဲ သူမတိုင်ခင် မှတ်လောက်သားလောက်အောင်ဆုံးမပြီးနှင်ချလိုက်တာ.....''
"နှင်ချတာကတော့ ဟုတ်ပါပြီ အစ်ကိုကြီးကမေးနေရင် ဘယ်လိုလုပ်မလဲ ပြဿနာတက်တော့မှာပဲ အဲ့အဖွားကြီးက ဒီအိမ်မှာသက်တမ်းအကြာဆုံး ဒီအိမ်ရဲ့လက်ဆွဲတော်.....''
"အမေကလဲ အဖိုးကြီးမေးရင် နယ်ပြန်သွားတယ် ဘာညာလျှောက်ရွှီးလိုက်မှာပေါ့''
"လွယ်လွယ်လေးတွေးနေ ပါးစပ်နားရောက်ခါနီးမှ ထမင်းလတ်ပြုတ်ကျနေဦးမယ်....''
"အမေ့သမီးပါ မပိုင်ရင်ခြင်တောင်မရိုက်ပါဘူး အဖိုးကြီးကသူ့သမီးစိတ်နဲ့အိပ်ယာထဲလဲနေပြီ...သူဘာမှစိတ်မဝင်စားနိုင်တော့ဘူး ခုကြည့်လေ တစ်သက်လုံး အမေပင်ပန်းလိမ့်မယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုထဲနဲ့ လုံးဝမထိခိုင်းခဲ့တဲ့သူ့ရဲ့လုပ်ငန်းတွေ အမေ့ကိုဦးစီးခိုင်းနေပြီလေ သမီးတို့ခေတ်ကိုရောက်နေပါပြီ အမေရာယ်...''
"ဟုတ်တော့ ဟုတ်တယ် ဒါပေမယ့် ရန်သူကိုဘယ်တော့မှလျော့တွက်လို့မရဘူး အမေတို့ခြယ်လှယ်ချင်တိုင်းရနေပေမယ့် ဟိုကောင်မကိုအခုထိရှာမတွေ့သေးသလို အဖိုးကြီးဆီကတရားဝင်အမွှေလွှဲပြောင်းကြောင်းစာချုပ်လဲမရသေးဘူး အမေကနည်းနည်းလေးမက်တာမဟုတ်ဘူး သူရဲ့ပိုင်ဆိုင်မှုအားလုံးကိုမက်တာ ဒါကြောင့် အမေတို့တစ်ကွက်မှမှားလို့မဖြစ်ဘူး....''
"ကဲ...ဟုတ်ပါပြီအမေရာယ် အခုတော့သမီးကို မုန့်ဖိုးလေးလုပ်လိုက်....''
"မနေ့ကပေးထားတာတွေကရော...."
"ဟာ အမေကလဲ အတိတ်တွေကိုထားခဲ့လိုက်တော့ မနေ့ကဟာကမနေ့ကပဲကုန်သွားပြီ လုပ်ပါနော် နော်...''
ပြောမရတော့ ဒေါ်ထိပ်ထားချို ပိုက်ဆံအထပ်လိုက်လေးထုတ်ပေးလိုက်သည်။
"သုံး သုံး ငါကတော့ ဟိုအဖိုးကြီးကို စာရင်းသွားပြရဦးမယ်...''
"စားရင်းသွားလိမ်တယ်လုပ်ပါ ခစ်ခစ်..."
ပိတောက်ချိုက အမေဖြစ်သူအားလှမ်းစလေတော့ ဒေါ်ထိပ်ထားချိုက မျက်စောင်းရွယ်လိုက်သည်။
***********
"ဒေါက်...ဒေါက်...ဒေါက်...''
တံခါးလော့မချထားတာကြောင့် ဒေါ်ထိပ်ထားချို အခန်းထဲသို့ဝင်သွားလိုက်သည်။ အခန်းထဲတွင်လဲ မှောင်မဲနေသည်။ အခန်းတံခါးတွေလဲမဖွင့် လိုက်ကာတွေလဲမတင်သည့်အပြင် အခန်းမီးကလဲထွန်းမထားပေ။ ဒေါ်ထိပ်ထားချို စိတ်ပျက်စွာ နှာခေါင်းရှုံ့လိုက်မိသည်။ဦးထွဋ်ခေါင်က အိပ်ယာပေါ်တွင် ကျောပေးပြီးလှဲနေသည်။ ဘယ်သူဘယ်ဝါဝင်လာတယ်ဆိုတာကိုလဲ ထမကြည့်ပေ။ ဒေါ်ထိပ်ထားချိုက အခန်းမီးကိုဖွင့်လိုက်သည်။
"အစ်ကိုကြီး နေမကောင်းဘူးလားဟင် ''
ကိုယ်ပူစမ်းကြည့်လိုက်သည်။
"ဖျားတော့မဖျားပါဘူး အစ်ကိုကြီးဘာစားချင်လဲ ချိုဘာချက်ကျွေးရမလဲဟင်....''
"တော်ပါပြီ မင်းလာတာ ဘာကိစ္စလဲ''
သူ့အနားများလာချင်လွန်းလို့ထင်နေလား။ ဦးထွဋ်ခေါင်က ကျေးပေးထားတာကြောင့် ဒေါ်ထိပ်ထားချို စိတ်ကြိုက်မျက်စောင်းထိုးခွင့်ရလေသည်။
"ပြောစရာရှိလို့ပါ ဟိုလေ ချို ရွှေဆိုင်ဖွင့်မလို့ဆိုပြီး အစ်ကိုကြီးဆီကအရင်းအနှီးတောင်းထားတာမှတ်မိသေးလား...''
"အင်း''
"အဲ့ဒါလေ ချိုကမလုပ်တတ်မကိုင်နဲ့ဆိုတော့...''
"အရှုံးပေါ်သွားပြန်ပြီလား....''
အရင်းအနှီးထုတ်ပေးလိုက်တိုင်း ပြန်ကြားရသည့်စကားက ဒီလိုပဲမို့ ဒေါ်ထိပ်ထားချို မပြောခင် ဦးထွဋ်ခေါင် ကြိုပြောလိုက်ခြင်းပင်။
"အဲ့လိုလုပ်ငန်းအသေးအမွှားလေးတွေတောင် မင်းအရှုံးပေါ်နေတာ ငါ့ကုမ္ပဏီမှာရော မင်းဘယ်လိုလုပ်လဲ...''စိတ်ထဲပဲပြောမိသည်။ အပြင်ကိုတော့ဘာမှထုတ်မပြောချင်တော့ပေ။
ဦးထွဋ်ခေါင် ဒေါ်ထိပ်ထားချိုကို ခုထိလှည့်မကြည့် တကယ်ဆိုအခုချိန်မှာ သူဘယ်သူနဲ့မှ စကားမပြောချင်ပေ။ ဘာမှလဲ စစ်ဆေးမေးမြန်းချင်စိတ်မရှိ။
"မင်းကြိုက်သလို အဆင်ပြေသလိုလုပ်လိုက်...မင်းပြောစရာကုန်ရင်ထွက်သွားတော့ ငါနားချင်ပြီ....''
"အစ်ကိုကြီးနားချင်တယ်ဆိုလဲ နားပါ ချို ထွက်သွားပေးပါ့မယ်''
မသိရင် နှင်လို့သာအပြင်ထွက်ရသည့်လေသံ။
"မင်းထွက်သွားရင် အခန်းမီးပါမှိတ်ခဲ့...''
ဒေါ်ထိပ်ထားချို အခန်းမီးတွေမှိတ် အခန်းတံခါး တွေပိတ်ပြီး ထားခဲ့သည်။ ကျွန်မတို့ ဘာမှကြံစည်စရာမလိုပဲ ရှင်ရှောသွားရင် သိပ်ကောင်းမယ်။