ကောင်းကင်ယံ၌ လိမ္မော်နီရောင်တို့ အရှေ့အရပ်မှ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး တေးငှက်များ၏ မနက်နှုတ်ခွန်းဆက်သသံတွေဟာ ဂျိုဆွန်းအိမ်ရှေ့စံလေးကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ နိုးထစေခဲ့သည်။ ဟန်ဘင်း ယခုလို အိပ်ကောင်းခြင်းနှင့် မအိပ်စက်ခဲ့ရတာ ဘယ်လောက်တောင် ကြာမြင့်ပြီလဲ။ အိပ်မက်ဆိုးများ မနှောက်ယှက်သည့်အပြင် အင်း... ကောင်းသောအိပ်မက်လေးတစ်ခုတောင် လာရောက်ရှာဖွေခဲ့သေးတယ်လေ။အိပ်ရာနိုးနိုးချင်းမှာပဲ အိမ်ရှေ့စံ၏ မျက်နှာပေါ် ဟိုအရင်ချိန်တွေတုန်းကလို အပြုံးချိုချိုလေးများ သူ့အလိုလိုပေါ်လာခဲ့၏။ ဒီလိုသာယာတဲ့ မနက်ခင်းလေးကို အလကား ကုန်ဆုံးလိုက်လို့ မဖြစ်ဘူး လမ်းလျှောက်ထွက်ကာ ရှုခင်းများကို ရှုစားမည်အကြံနှင့် အိပ်ရာထဖို့အလုပ်မှာတော့ ရင်ဘက်ပေါ်ရှိ လေးလံမှူကို သတိပြုမိလာ၏။
ဟာနူးလ်?...
အိမ်ရှေ့စံ ရင်ဘက်ပေါ်၌ သူ၏ ကျောက်စိမ်းလက်စွပ်ပိုင်ရှင် ဂူမီဟိုလေး၏ လက်များနေရာယူနေခဲ့ပြီး ထိုသူက ကြမ်းပြင်ပေါ် ကွေးကွေးလေး အိပ်နေခဲ့သည်။ လက်တစ်ဖက်ဟာ ဟန်ဘင်းရင်ဘက်ပေါ် တင်ထားခဲ့ပြီး ကျန်တစ်ဖက်ကိုတော့ ဟာနူးလ်သူ့ရင်ဘက်ပေါ်သူ ကပ်ထားခဲ့သည်။ ပုံမှန်ဆို ခန့်ညားပြီး အရှိန်အဝါအပြည်ဖြင့် မည်သူမှ မိမိနားသို့ ကပ်ဖို့မလွယ်ကူသည့် ပုံသဏ္ဍန်နှင့် အကြည့်တို့က အခုလို အိပ်ပျော်နေချိန်၌တော့ မျက်ဝန်းတစ်စုံဟာ မှိတ်စက်နေခဲ့တာကြောင့် နူးညံ့မှုတွေသာနေရာယူစေခဲ့ပြီး ပါးမို့မို့လေးများအထက်ရှိ မွှေးညင်းနုလေးတွေဟာ မနက်ခင်းနေရောင်ခြည်အောက် ဟာနူးလ်ရဲ့ အလှတရားများကို ဝင့်ထယ်စေခဲ့သည်။
အနည်းငယ် ပွင့်ဟနေခဲ့သော ပတ္တမြားနီရောင် နှုတ်ခမ်းများမှာ နေရောင်အောက် တောက်ပနေခဲ့တာကြောင့် ဟန်ဘင်းသူ့ရဲ့များစွာသော အိပ်မက်များထဲ ထိုနှုတ်ခမ်းတစ်စုံအား ကိုက်ဖောက်ဖူးခဲ့သည်ကို သတိရသွား၏။ လက်ချောင်းထိပ်နှင့် ထိမိလျှင် အတွေ့အထိက မည်သို့နေမည်နည်း...နန်းတော်ထဲ နာမည်ကြီး ဆန်မုန့်လုံးလေးလိုမျိုး နူးညံ့နေမည်လား...နမ်းရှိုက်ကြည့်လျှင် ဂျိုဆွန်း၏ နာမည်ကြီး ယမကာဖြစ်သော ဂမ်ဟုန်းရို(အရက်နာမည်)လို စိုစွတ်ချိုမြိန်ကာ ယစ်မူးစေမည်လား...
![](https://img.wattpad.com/cover/356742873-288-k369934.jpg)