"ဒါ" "မဟုတ်သေးဘူး ဒီအရောင်?" "အထိန်းတော်ကြီးဟုန် ကိုယ်တော့်ကို အကြံဉာဏ်လေးပေးပါဦး ဒီနေ့ဘယ်ဝတ်ရုံတော် ဆင်မြန်းရမလဲ?"
"ဒီနေ့ရာသီဥတုသာယာတာကြောင့် ဒီမက်မွန်ပန်းအရောင်လေးဆို ဘယ်လိုနေမလဲ အရှင့်သား"
ရွေးချယ်စရာများထဲ အဓိကရွေးရခက်နေသည်က မိုးပြာရောင်နှင့် မက်မွန်ပန်းအရောင်ဝတ်စုံနှစ်ထည်ကြား။
"ကိုယ်တော်က ကောင်းကင်အရောင်လေး ပိုသဘောကျသလားလို့" လက်မနှင့် လက်ညှိုးကြား မေးစေ့အပ်ပြီး တွေဝေနေ၏။
"ဂယူဗင်း မင်းရောဘယ်လိုမြင်လဲ?"
ကင်ဂယူဗင်းမှာ မိမိကိုမေးတာလားဟု ကြောင်ပြီး ကိုယ့်ကိိုယ်ကိုယ် လက်ညိုးပြန်ထိုးပြကာ အိမ်ရှေ့စံ၏ ယနေ့မနက် မူမမှန်သည့်အခြေအနေကို အံ့အားသင့်နေသည်။
"ကျွန်တော်လည်း ကောင်းကင်အရောင်လေး ကောင်းမယ်လို့ထင်ပါတယ် အရှင့်သား"
ဆောင်းဟန်ဘင်း ကောင်းကင်ပြာဝတ်စုံကို ဆင်မြန်းပြီးနောက်တော့ စိတ်ကျေနပ်စွာ အစေခံများကို နန်းဆောင်ပြင်ထွက်ခိုင်းလိုက်၏။
"အရှင့်သား ဒီနေ့တော့ စိတ်ကြည်လင်နေတဲ့ပုံပဲ"
ကင်ဂယူမှာ ဓားကိုပိုက်ရင်းပြောလာခဲ့သည်။ အရင်နေ့တွေတုန်းက တမှိုင်မှိုင် တထွေထွေဖြစ်နေခဲ့သောအိမ်ရှေ့စံ အခုလို စိတ်ပြန်လည်ကြည်လင်လာတာ ကောင်းတဲ့ကိစ္စမဟုတ်ပါလား။
"ယူဂျင်း နန်းတွင်းထဲ ဘယ်တော့ဝင်မှာလဲ?"
"ပုံမှန်ဆို မွန်းတည့်ချိန်လာပြီး နေမစောင်းခင်ပြန်တယ်" ကင်ဂယူမှာ နန်းဆောင်တံခါးဘက် တစ်ချက်လှည့်ကြည့်လိုက်ပြီး "သူပြန်တဲ့အခါ ကျွန်တော်နောက်က လိုက်ချောင်းဖူးတယ် ဟား အဲ့အကောင်လေးက စျေးတန်းမှာရောင်းတဲ့ ဖက်ထုပ်ကို တော်တော်ကြိုက်တဲ့ပုံပဲ ဆိုင်မှာ ပလုပ်ပလောင်း ထိုင်စားသွားတဲ့အပြင် ဆိုင်ရှင်ကိုပြောပြီး ထုပ်သယ်သွားသေးတာဗျာ"
ဂယူဗင်းခေါင်းတခါခါနှင့် မျက်နှာအထက် တွေ့ရခဲလှသော အဖိုးတန်ကျောက်များ စီတန်းနေသည့်အလား ဆွဲဆောင်မှုရှိလှသည့် သွားညီညီလှလှလေးများ ထွက်ပေါ်လာခဲ့သည်။