"အိမ်ရှေ့စံနဲ့ ဂူမီဟိုတို့ အဆင်ပြေရဲ့လား...ဘာလို့ထွက်မလာသေးတာလဲဟင် ယူဂျင်း?""ခင်ဗျား ကိစ္စမဟုတ်ဘူး။ ကျွန်တော့်ကို တွေ့ချင်လို့ဆို ဘာဖြစ်ပြန်ပြီလဲပြော"
ကင်ဂယူဗင်း ခေါင်းကုတ်ရင်းနဲ့ပဲ ဟန်ယူဂျင်းကိုဘာပြောရမှန်းမသိ၊ သူ့ထံအဖြေတစ်ခုမှရှိမနေခဲ့။
"ဒီလိုပါပဲ တွေ့...ချင်တာ"
ချန်ချန်မှာ ဂယူဗင်းကို မျက်ခုံးပင့်ကြည့်ပြီး ဘာမှဆက်မပြောတော့ပဲ သူ၏ ဆေးမြစ်များ သိုလှောင်ခန်းထဲသို့ ဝင်သွားတော့သည်။ ကင်ဂယူဗင်းလည်းအနောက်မှ အူကြောင်ကြောင်ဖြင့် လိုက်သွားခဲ့သည်။
"ဒါဘာလဲ?"
"နှစ် ၅၀၀ ဂျင်ဆင်း"
"အာ!!! အဲ့တာအရမ်းတန်ဖိုးကြီးမှာကို..."
ချန်ချန် မျက်စံနောက်ပစ်လိုက်ပြီး သက်ပြင်းချလိုက်သည်။ ထို့နောက် လက်ထဲရှိဆေးခွက်ကို ကင်ဂယူလက်ဖဝါးပေါ်သို့ တင်ပေးလိုက်ပြီး သောက်ဖို့ရန် တွန်းပို့လိုက်သည်။
"ဒီမှာအကုန် မသေမျိုးကြီးပဲ နှစ် ၅၀၀ ဂျင်ဆင်းလောက်ကိုများ စာဖွဲ့နေသေးတာ ဟ့!"
"ဒါနဲ့ယူဂျင်းက အသက် ၃၀၀ကျော်ပဲ ရှိသေးတာဆို"
"ခင်ဗျားကြီး တော်တော်လျှာရှည်တာပဲ သောက်လိုက်ပါဆို!!"
အမှန်တော့ ဂယူမှာ အခုနောက်ပိုင်း ယူဂျင်းပေးသောဆေးများ ပုံမှန်သောက်နေသည့်အတွက် ဒဏ်ရာများမှာ သက်သာနေပြီး သာမန်လူတွေထက်တောင် အားအင်ပြည့်လွန်းနေတာဖြစ်၏။ သို့သော် အိမ်ရှေ့စံကတော့မတူ မျက်နှာမသာမယာဖြစ်လိုက်၊ အိပ်မပျော်လိုက်၊ အခုလဲချက်ချင်းကြီး ကိုယ်အပူချိန်တက်လာတာ...ဒီဂျင်ဆင်းဖျော်ရည်က သူ့ထက် အစ်ကိုတော်နှင့် ပိုသင့်တော်သည်လို့ ထင်မိ၏။
"ယူဂျင်း ဒါ အိမ်ရှေ့စံကို တိုက်လို့မရဘူးလား ကိုယ်က မင်းပေးတဲ့ဆေးတွေကြောင့် တော်တော်သက်သာနေပါပြီ"
ချန်ချန်၏ မျက်လုံးထဲ မီးတောက်တစ်ခု ထတောက်သွားသည်။ ဒီလူကြီး တကယ့်ကို စေတနာဆိုတာဘာလဲ နားမလည်တဲ့လူပဲ။ သူ့မှာတော့ ဟာနူးလ်ကောင်းကင်ဘုံခရီးထွက်နေတုန်း ဒီဂျင်ဆင်းကို မသိမသာယူထားရတာကို!
![](https://img.wattpad.com/cover/356742873-288-k369934.jpg)