ဆန်းကြယ်တဲ့ အရာတွေနဲ့ ပြည့်နှက်နေတဲ့ လောကကြီးမှာ ထူးဆန်းတဲ့ သတ္တဝါတွေလည်းရှိမှာပေါ့။ လူသားတွေကြား နတ်ဘုရားတွေတောင် ရောယှက်ပြီး နေထိုင်နိုင်တယ်လို့ဆိုကြသေးတာ နတ်ဘုရားတွေရဲ့စကားသံကို တစ်ဆင့်ပါးပေးရတဲ့ ဒဏ္ဍာရီလာ သတ္တဝါတွေလည်း လူသားတွေကြား သေချာပေါက်ရှိနေနိုင်မှာပဲ။❧
ဂျိုဆွန်း၏ စည်းကားလှသည့် စျေးတန်းရှည်ဟာ အရောင်အသွေးစုံလင်လှသည့် ပိုးချည်များ၊အထည်လိပ်များ၊ စားသောက်ဖွယ်ရာများနဲ့ အသက်ဝင်လျက်။ တိုင်းပြည်သာယာခြင်းဟာ မင်းကောင်းမင်းမြတ်ကြောင့်ဖြစ်သည်လို့ ယုံကြည်ထားကြတဲ့ ဂျိုဆွန်းပြည်သူတွေရဲ့ နှလုံးသားထဲမှာတော့မင်းကြီးဖြစ်သူနှင့် သားတော်အိမ်ရှေ့စံတို့က သူတို့အားလုံးရဲ့ အလေးထား၊ ရိုသေရသူတွေပဲ။
ဂျိုဆွန်းအိမ်ရှေ့စံ၊ ယခု တိုင်းပြည်ရေးရာညီလာခံကို ဦးစီးထားရသူ၊ အိမ်ရှေ့စံဆောင်းဟန်ဘင်း၏ ဂုဏ်သတင်းတွေက ဂျိုဆွန်းပြည်သူတွေကြား နွေဦးရဲ့ ချယ်ရီပန်းရနံ့တွေလို သင်းပျံ့လို့နေတာ။ စာပေရေးရာ၌လား၊ စစ်မက်ရေးရာဗျူဟာ၌လား ချို့ယွင်းချက်မရှိ၊ မြှားအတတ်ကို တစ်ဖက်ကမ်းခက် ထူးချွန်သည့်အပြင် တိုက်ရည်ခိုက်ရည်တွင်လည်း အရှုံးမရှိတဲ့ ထိုလူသားက မိုးနတ်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို သိသိသာသာကြီး လက်ခံရရှိထားသည်မှာ အထင်ရှားလှသည်။
နဂါးလေးကောင်အား ငွေချည်ဖြင့် စီချယ်ထားသည့် နက်ပြာရောင် အိမ်ရှေ့စံဝတ်စုံကို ညီလာခံတတ်သည့်အခါ ဝတ်ဆင်ရသော်လည်း ပုံမှန်အချိန်များ၌ ကောင်းကင်ပြာလို အရောင်နုနုလေ့ကျင့်ရေးဝတ်စုံကိုသာ ဆင်မြန်းလေ့ရှိပြီး အပြာနုရောင် နဖူးစည်းကို အထူးနှစ်သက်သည့် အိမ်ရှေ့စံရဲ့ အကျင့်စရိုက်ဟာလည်း အပြာရောင်ကောင်းကင်လို အတော်လေး လွတ်လွတ်လပ်လပ်ရှိလှသည်။
နွေးထွေးသည့် အပြုံးနှင့် မွေးဖွားလာသည့် ကောင်းကင်သားတော်ဟာ တစ်ချိန်မှာ နဂါးပုလ္လင်နဲ့အထိုက်တန်ဆုံး ဘုရင်တစ်ပါးဖြစ်လာမယ်ဆိုတာကို နတ်ဆရာများအားလုံးက အိမ်ရှေ့စံမွေးဖွားသည့်ည ကြယ်တာရာများ၏ ပဟေဋိကို အဖြေရှာပြီး မင်းကြီးထံ လျှောက်ကြားထားပြီးဖြစ်တာကြောင့် တိုင်းပြည်တစ်ပြည်လုံး၏ ယုံကြည်မှူကို လက်ခံရထားသည့် ဟန်ဘင်းအိမ်ရှေ့စံရဲ့ အနာဂတ်ဟာ ဘယ်လိုတောင် တောက်ပနေမလဲဆိုတော့ တွေးကြည့်ရုံဖြင့် မျက်စိကြိမ်းလှသည် မဟုတ်ပါလား။
![](https://img.wattpad.com/cover/356742873-288-k369934.jpg)