အလာလမ်းဟာ ရင်ခုန်ရသလောက် အပြန်လမ်းကအထီးကျန်စရာ။ ဟာနူးလ်ထံမှ ညအတိုင်းအဖော်ပြုပါမည်ဆိုသောကတိ ရထားပေမဲ့လည်း ဂျိုဆွန်းအိမ်ရှေ့စံက ဂူမီဟိုမျက်နှာကို စိတ်ထဲတနေ့ကုန် တနေ့ခမ်း မြင်ချင်သည့်ပုံပင်။
"ဘဲ့ဒူတောင်မှာတုန်းကအကောင်းပါ တောင်ခြေလွန်လာတာနဲ့ အစ်ကိုတော့်မျက်နှာကမကောင်းတော့ဘူးနော်၊ တကယ်ပဲ ဘာတွေဖြစ်နေတာလဲဟင် အဆင်ပြေရဲ့လား?"
သူကိုယ်တိုင်လည်း ဘာတွေဖြစ်နေမှန်းမသိတော့ပါဘူး။ သေချာတာကတော့ ဂူမီဟို၏ ပြုစားမှုအောက် လုံးလုံးကျဆုံးသွားတာ ဖြစ်နိုင်ပါသည်။ ဘယ်အချိန်ကစပြီးတော့လဲ? ပထမဆုံး ဆုံတွေ့သည့်ည ချောက်ကမ်းပါးမှ ပြုတ်ကျမသွားအောင် ကယ်တင်ပေးခဲ့တုန်းကလား? ထိုညမဟုတ်ပဲ နောက်တစ်နေ့မနက် နိုးနိုးချင်း ဆေးအတင်းတိုက်တုန်းကလား? ဒါမှမဟုတ် နှစ်သစ်ကူးညတုန်းကလား...
ပထမဆုံးအကြိမ် ရင်ခုန်ဖူးတာဖြစ်ပေမဲ့ ပထမဆုံးရင်ခုန်မိသူက လူသားမဟုတ်ခဲ့။ ဒဏ္ဍာရီလာ သတ္တဝါဖြစ်သလို နတ်တစ်ပိုင်းလည်းဖြစ်သည့် ဘဲ့ဒူတောင်သခင် ဂူမီဟို။ ဟန်ယူဂျင်းစကားအရဆိုလျှင် ကောင်းကင်ဘုံ ကိုယ်စားပြုသားရဲဖြစ်သော နဂါးနှင့်တောင် အားချင်းယှဉ်နိုင်ပါသတဲ့။ ခံစားချက်မျိုးစုံပေးနိုင်သည့် ပယင်းရောင်မျက်ဝန်းတွေက ဂူမီဟိုရဲ့ အဓိကလက်နက်တွေထဲ ပါဝင်နေမလား။ တစ်ခုခုတွေးတောသုံးသပ်နေစဉ် မှေးစင်းသွားသည့် ထိုမျက်ဝန်းများက အေးစက်ပြီး နှလုံးသားထံ မြှားတစ်စင်းလို့ အရှိန်နှင့် စိုက်ဝင်နိုင်သည်ဆိုလျှင်၊တစ်ခုခုသိချင်သည့်အခါပဲဖြစ်ဖြစ် စိတ်ဝင်စားသည့်အကြောင်းအရာပဲဖြစ်ဖြစ် သို့မဟုတ် ဟန်ဘင်းသူ့ငယ်ဘဝအကြောင်းများ ပြောပြသည့်အခါပဲဖြစ်ဖြစ် ထိုမျက်ဝန်းတွေက စိတ်ဝင်စားမှုအပြည့်ဖြင့် ဟန်ဘင်းကို စိုက်ကြည့်သည့်အခါများ၌တော့ ကလေးတစ်ယောက်လို အပြစ်ကင်းကာ အသည်းယားစေ၏။
ဟန်ဘင်းအတွက် ဟာနူးလ်ဆိုသည့်ဖြစ်တည်မှုဟာ ကောင်းကင်တစ်ခုလို။ ဘယ်အချိန် ဘာဖြစ်မယ်မှန်း သေချာမသိရသေးသည့် သေမိန့်ကျနေသော အကျဉ်းသားတစ်ယောက်လို သူ့ဘဝက အကျဉ်းထောင်ထဲမှာနေ၍ ကောင်းကင်ပြာကြီးကိုငေးနေရသလို၊ ဟာနူးလ်ကိုမြင်တိုင်း ပူပန်နေခဲ့သောအကြောင်းအရာတွေအကုန် မေ့ပျောက်ကုန်၏။