အခန်းတွင်း အပူပေးစက်ရဲ့ ခပ်ငွေ့ငွေ့အနွေးအပြင် နောက်ကျောကနေ ထွေးပွေ့ခံထားရတဲ့ နွေးထွေးမှုမျိုးနှင့် ဖော့သ် အိပ်ရာနိုးလာခဲ့၏။ မုန်တိုင်းအလွန် မနက်ခင်းက အေးစိမ့်စိုထိုင်းနေသော်လည်း ဖော့သ်ရဲ့ တစ်ကိုယ်စာ နေရာငယ်လေးမှာတော့ သက်တောင့်သက်သာဖြစ်စဖွယ် အနွေးဓာတ်က လွှမ်းခြုံထားလေသည် ။
ဖော့သ်ရဲ့ ပါးပြင်က ခေါင်းအုံးထက်မှာ ရှိရမည့်အစား အိစက်တောင့်ခိုင်တဲ့ လက်မောင်းတစ်ဖက်ထက်မှာ...
ဖော့သ်ရဲ့ ဂုတ်ပိုးဆီမှာ ထိုလက်မောင်းပိုင်ရှင်ရဲ့ နှာသီးဖျားက ထွက်သက်ဖျော့ဖျော့လေးဟာ ခပ်ညှင်းညှင်းကျီစယ်လို့...
ဖော့သ်ရဲ့ ကျောကိုသိမ်းပွေ့ထားတဲ့ ရင်ဘတ်ဆီက အသက်ရှုသံမှန်မှန်ကို သတိထားမိတော့မှ ညက ကိုယ်တိုင်တိုးဝှေ့ခဲ့တဲ့ ကျောပြင်ကျယ်ရဲ့ပိုင်ရှင်က ဖော့သ်ကို ရင်ခွင်မှာ နစ်နေအောင် တလှည့်ပြန်ပြီး ဖက်ထားပေးမှန်း အမှတ်ရသွားသည်။
အတူရှိနေတာဟာ ခွန်ဂျမ်နဲ့ပါလားလို့ အသိမှာ ရှင်းလင်းသွားတဲ့အချိန် ဖော့သ် အသက်အောင့်ကာ မလှုပ်မယှက်အတောင့်လိုက်လေး ငြိမ်နေမိ၏။
ဆိုင်ချင်လှပါသော ဒီရင်ခွင်ဟာ တကယ်တမ်း အပိုင်ရမည်လားဟု စေ့စေ့တွေးရင်တော့ ချစ်ခရီးတာ ဝေးလွန်းလေခြင်း။ နှစ်ခြိုက်မွေ့ သိပ်ရခြင်းနှင့် စိုးရွံ့ရင်မောရခြင်းမည်သော ဆန့်ကျင်ဘက်ခံစားချက်နှစ်ခုက စိတ်မှာ လွန်ဆွဲလျက်။
တွေဝေနေရင်းမှ ခဏကြာတော့ ဖြေးဖြေးချင်း လူးလွန့်ကာ ကိုယ်လေးကို တစ်ဖက်သို့ လှည့်ဖို့ ကြိုးစားကြည့်သည်။ အိပ်ပျော်နေသူရဲ့ မျက်နှာကို ဒီအခိုက်အတန့်လေးမှာ ငေးချင်လွန်းလှသလို နိုးသွားမှာကိုလည်း ကြောက်မိပြန်သည်။ ဘယ်အခါများမှ ဒီလို ငေးဖို့ အခွင့်အရေးထပ်ပြီးရှိနိုင်မည် မသိနိုင်။
မျက်နှာချင်းဆိုင်ဖြစ်သွားတဲ့အထိ ကိုယ်ကို မရမက လှည့်လိုက်တော့ လုံးဝမျှော်လင့်မထားတဲ့ ပုံစံကို မြင်လိုက်ရသည်မို့လို့ ဖော့သ် ဟန်မဆောင်နိုင်ဘဲ ခစ်ကနဲ တစ်ချက်ရယ်လိုက်မိသည်။
YOU ARE READING
ဒီဇင်ဘာပုံပြင်
Fanfictionဒီမြို့လေးရဲ့ လူသန်းပေါင်းများစွာထဲ မင်းကိုကိုယ်တွေ့ခဲ့တယ်