"သူ ....အိမ်မှာ မရှိပါဘူး"
ထိတ်ထိတ်ပျာပျာနဲ့ မတွေးတောဘဲ ဖော့သ် အမှန်အတိုင်းဖြေပစ်လိုက်မိ၏။ ဂျမ်မနိုင် စိတ်ရှုပ်ဖို့မလိုကြောင်း၊ ဘာပြဿနာမှ ဖြစ်စရာမရှိကြောင်း အာမခံချင်၍ဖြစ်၏။
ဖော့သ်ရဲ့ အဖြေကိုကြားလိုက်တော့ ခွန်ဂျမ်ရဲ့ မျက်လုံးစူးစူးတွေက ပြေလျော့ဝိုင်းစက်သွားပြီးခါမှ ခနိုးခနဲ့ အပြုံးတခုက ရေးရေးလေး ပေါ်လာပြန်သည်။
"သူရှိနေရင်လည်း မင်းကိုယ့်ကို မဖိတ်ရဲလောက်ဘူး မဟုတ်လား"
လွယ်မယောင်နဲ့ ခက်နေသည်။ အခြေအနေက မလူးသာမလွန့်သာ။ ဖော့သ်ဘက်က ကြည့်တော့ သူ့ရည်းစားမရှိတုန်း သူ့အိမ်ကို သူ့စိတ်ကြိုက် ဘယ်သူ့ကိုဖိတ်ဖိတ် ဘောင်ဝင်သည်။ ဂျမ်မနိုင့်ဘက်ကလည်း ရည်းစားမရှိတဲ့ အချိန်မှ ဖိတ်ရဲတာကို မကျေလည်။ ဖော့သ်ဆီကနေ ဒုတိယ ရွေးချယ်မှုအဖြစ် တစ်ဆင့်နှိမ့်ဆက်ဆံခံရတဲ့ ခံစားချက်မျိုးက သူ့ရင်ကို အမြဲလို နှိပ်စက်နေ၏။
ဖော့သ် တိတ်ဆိတ်နေမိသည်။ ဂျမ်မနိုင်ရဲ့ ချောင်ပိတ်သလို ဖြစ်သွားတဲ့ မေးခွန်းအတွက် လောလောဆယ် ချက်ကျလက်ကျ အဖြေမရှိ။
"ကျနော်က ခွန်ဂျမ့်ကို ညစာချက်ကျွေးချင်ရုံပါဗျ.."
ဖောသ့်ဆိုတဲ့ ကျနော်က လူလူချင်း တန်းတူ ဆက်ဆံရေးမှာတောင် ဒဏ်ရာတွေနဲ့ချည်း ထုံထိုင်းလာရတဲ့ ငကြောက်တစ်ကောင်ပါ။ လူတစ်ယောက်ကို သိပ်ချစ်မိလို့ အောက်ကျနောက်ကျနိုင်ခဲ့တာကို ကျေးဇူးပြုပြီး စကားလုံးတွေနဲ့ မနင်းချေပါနဲ့လား။
လောလောဆယ် ဖောသ့် သိတာက ဒီညအတွက် ခွန်ဂျမ့်အနားလေးမှာ တွယ်ကပ်နေခွင့်ကို ရသလောက်ဆွဲဆန့်ချင်မိတာ။ တယုတယနဲ့ ကိုယ်တိုင် ညစာချက်ကျွေးချက်ချင်တာ။
"မနေ့ညကပဲ ကတိထားခဲ့ကြတယ်လေ ...
ကျနော့်ကို ခွန်ဂျမ်က နောင်အဖြစ် သတ်မှတ်တယ်ဆို.. အဲ့ဒီစကားကြောင့် ကျနော်က ..."ဘက်ဖလိုထက် ၆ဒီဂရီလောက် ပိုချမ်းစိမ့်တဲ့ အီလီကော့တ်၏ မြူဆိုင်းနေတဲ့ညမှာ ဖော့သ်ရဲ့ အမေးစကားလေးက ကြားသာရုံ အားဖျော့စွာနဲ့ နှုတ်ခမ်းဖျားတွေက ဆတ်ဆတ်တုန်နေသည်
စက်ဘီးလက်ကိုင်ကို အတင်းဖိပြီး ညှစ်ဆုတ်ထားသည့် လက်ဆစ်လေးတွက နီရဲနေ၏။