Unicode
အခန်းကျဉ်းငယ်ဟာ တိတ်ဆိတ်ငြိမ်သက်နေသည်မို့ ကျည်ကျည်ကျာကျာ အင်းဆက်အော်မြည်သံက ကျယ်လောင်သထက် ကျယ်လောင်လာခဲ့သည်။အချိန်တစ်ခု ကြာမြင့်သည်အထိ မည်သူကမျှ စကားမစကြသေး။
ခဏတစ်ဖြုတ်ခန့်ရှိသော် လုဟယ့်ရန် မေးလိုက်၏။
" မင်း ဒီည တမင်သက်သက် အရှုံးပေးလိုက်ရတာလား "
လုဟယ့်ရန် အမှောင်ထဲ၌ သေချာရှင်းလင်းစွာ မမြင်ရပါသည့်တိုင် No.17 အနည်းငယ် အံ့အားသင့်သွားကြောင်းကိုမူ သတိပြုမိလိုက်သည်။လုဟယ့်ရန်က သူ့အား 'ဘယ်လိုလုပ် လမ်းကြားထဲ ရောက်လာတာလဲ' တို့ ၊ 'ဘာလို့ ငါ့ကို ကယ်တာလဲ' တို့ စသည့်စသည့်မေးခွန်းမျိုးတွေ မေးရမည့်အစား အနှီမေးခွန်းကို မေးမြန်းလာခြင်းကြောင့် No.17 အံ့သြသွားရသည်ပင်။
" အင်း "
No.17 က ပြန်ဖြေခဲ့၏။
တစ်ဖက်လူက ဤမျှ ရိုးရိုးသားသား ၀န်ခံလာလိမ့်မည်ဟု လုဟယ့်ရန် ထင်မထားခဲ့။
" မင်း သွေးတွေအများကြီးထွက်တာ မြင်လိုက်တယ် "
လုဟယ့်ရန်က ဆိုသည်။
" အဲဒါက အမြဲ ဒီလိုပါပဲ "
No.17 က စကားရပ်သွားပြီး တိုးလျစွာ မေးလာခဲ့သည်။
" ဒါ ....... မင်း ဒီကိုရောက်တာ ပထမဆုံးအကြိမ်လား ??? "
အမှန်စင်စစ် ဒုတိယအကြိမ်မြောက်ဖြစ်လင့်ကစား လုဟယ့်ရန် လိမ်ညာလိုက်သည်။
" အင်း ၊ ပထမဆုံး ရောက်ဖူးတာ။ နေရာတွေကို သိပ်ကောင်းကောင်း မသိဘူး "
အပြင်က ခြေသံတရှပ်ရှပ် ပျံ့လွင့်လာသည်။ No.17 က ချက်ချင်း ခေါင်းကို လှည့်လို့ တံခါးအနားကပ် နားစွင့်သည်။သာမာန်ဖြတ်သွားဖြတ်လာမှန်း သေချာမှ လုဟယ့်ရန်ဘက်သို့ ပြန်လည် မျက်နှာမူလိုက်၏။
" ဒီနေရာက အန္တရာယ်များတယ်။ နောက်တစ်ခါ မလာခဲ့ပါနဲ့ "
လုဟယ့်ရန် : " ဟုတ်လား "
No.17 တုံ့ဆိုင်းသွားသည်မှာ သိသိသာသာ။လောလောလတ်လတ် ဓါးပြတိုက်ခံထိထားတာတောင် 'ဟုတ်လား' မေးသည့်သူမျိုးကို စိတ်ကူးကြည့်ရန် ခက်ခဲလှသည် မဟုတ်ပါလော။တစ်ခုရှိသည်က လုဟယ့်ရန်ရဲ့အသံဟာ စစ်မှန်လေးနက်နေသည့်အပြင် သဘောရိုးနှင့် မေးသယောင်။ No.17 ထိုသို့ ယုံကြည်လက်ခံလိုက်ရ၏။
YOU ARE READING
ယွိ့ယန်နန်ကျစ် {မြန်မာဘာသာပြန်}
Romanceမူရင်းဝတ္ထုအမည် - ယွိ့ယန်နန်ကျစ် မူရင်းစာရေးသူအမည် - မိုက့်ရှန်းကျီးနာ Alpha × Alpha လုဟယ့်ရန်(လေတပ်ဗိုလ်မှူး) × ရွှီကျယ်(စစ်ဆေးဆရာ၀န်) Both Gong and Shou are Alpha .