Unicode
နေ့လယ်စာ စားပြီးလျှင် ဆရာမက လူတိုင်း အခန်းဆီ တရေးတမောပြန်အိပ်ကြရန်နှင့် မွန်းလွဲ ၂ နာရီခွဲတွင် ပို့ချချက် တက်ရောက်ရန် ဟိုတယ်က စထွက်မည်ဖြစ်ကြောင်း အသိပေးသည်။ဟယ့်ဝေ့နှင့်ကုယွင်ချီက ကားပေါ်၌ လုံလုံလောက်လောက် အိပ်ခဲ့ကြသလို လုဟယ့်ရန်သည်လည်း နေ့လယ်စာမစားခင်က ခဏတစ်ဖြုတ် အနားယူထားရာ သုံးယောက်သား အေးအေးဆေးဆေး လျှောက်လည်ကြရန် အစီအစဉ်ဆွဲလိုက်ကြသည်။
လုဟယ့်ရန်က တန်းထွက်မသွားဘဲ ရွှီကျယ့်ထိုင်ခုံသို့ ဦးတည်လျှောက်လာကာ အခန်းကတ်ကို ကမ်းပေးသည်။
" ဒီမှာ အခန်းသော့။ ငါ အပြင်ခဏသွားလိုက်ဦးမယ် "
ရွှီကျယ် အခန်းကတ်ကို လှမ်းယူလိုက်၏။သူ့အကြည့်တွေက လုဟယ့်ရန်ရဲ့လက်ချောင်းသွယ်သွယ်များတွင် ရစ်၀ဲနေသည်။
" အင်း "
အခန်းပြန်ရောက်သော် ရွှီကျယ် မျက်နှာသစ်ပြီး ခန်းဆီးများကို ပိတ်လိုက်သည်။သူ့အိပ်ရာဆီ လျှောက်သွားရင်း ရုတ်ခြည်း ရပ်လိုက်၏။ရွှီကျယ် ခပ်ဆဆလေး တွေဝေလျက်ပင် လုဟယ့်ရန်အိပ်ရာပေါ်က တွန့်လိပ်နေသော အိပ်ရာခင်းအစွန်းများအား ကိုယ်ကိုကိုင်းလို့ ဂရုတစိုက် ပြန့်အောင်ဖြန့်ပေးလိုက်သည်။
ဟိုတယ်အိပ်ရာက သိပ်နူးညံ့လွန်းသည်မို့ ရွှီကျယ် ကောင်းကောင်း ကျင့်သားမရ။အတန်ကြာ တောင်လှိမ့်လိုက် ၊ မြောက်လှိမ့်လိုက် ပြုမူနေ၍ နောက်ဆုံး၌ ဘယ်ဘက်ကို စောင်းလှဲလိုက်သည်။လျှောက်လမ်းကျဉ်းလေး၏ တစ်ဖက်ခြမ်းရှိ လုဟယ့်ရန်ခေါင်းအုံးကို ငေးကြည့်ရင်း မျက်လုံးများကို အသာအယာ မှေးမှိတ်လိုက်လေသည်။
မိနစ် ၄၀ ခန့်ရှိစဉ် ရွှီကျယ် နိုးလာကာ ဖုန်းဖွင့်ကြည့်သည်။အချိန်က နေ့လယ် ၁ နာရီခွဲ။တံခါးခေါက်သံဖွဖွကို ကြားလိုက်ရသဖြင့် ရွှီကျယ် ထထိုင်လိုက်မိသည်။အရမ်းအားပြင်းပြင်းကြီး တဒုန်းဒုန်းခေါက်နေတာမဟုတ် ၊ လက်ဆကို ချိန်ခေါက်နေသည့်ဟန်။
YOU ARE READING
ယွိ့ယန်နန်ကျစ် {မြန်မာဘာသာပြန်}
Romanceမူရင်းဝတ္ထုအမည် - ယွိ့ယန်နန်ကျစ် မူရင်းစာရေးသူအမည် - မိုက့်ရှန်းကျီးနာ Alpha × Alpha လုဟယ့်ရန်(လေတပ်ဗိုလ်မှူး) × ရွှီကျယ်(စစ်ဆေးဆရာ၀န်) Both Gong and Shou are Alpha .